Live
Home
ဆောင်းပါး
မြန်မာပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုနေကြတဲ့ တရုတ်-ရုရှား -အာဆီယံ
DVB
·
July 12, 2021

မြန်မာ့အရေးနဲ့ပတ်သက်ပြီး စိတ်ပျက်စရာအကောင်းဆုံး ပြက်လုံးတခု လတ်တလော ထွက်ပေါ်လာတာ တွေ့ရတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီရန်က ပြောလာတာ ကြားရတယ်။ မရောင်းပါဘူးလို့ အတန်တန် ပြောနေတာကို ချိန်ပါချိန်ပါလို့ အရှက်မဲ့စွာ ပြောနေသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀၀ ကျော်ကို မလွှတ်သေးဘဲနဲ့ အချက်(၅)ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်မယ်လို့ ပြောခြင်းဟာ အလွန်ရယ်စရာ၊ စိတ်ပျက်စရာကောင်းနေတယ်။ 

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ဖြစ်ပေါ်စေဖို့နဲ့  နဂိုပုံမှန် အခြေအနေပြန်ရောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် သက်ဆိုင်သူအားလုံး တိုက်ရိုက်ညှိနှိုင်းရေး ရှုမြင်ချက်နဲ့ အတူ ဒီလုပ်ငန်းစဉ်ကို အာဆီယံအတွင်းမှာ လုပ်ဆောင်နေပါတယ်လို့လည်း ဗီဗီရန်က ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ တရုတ်နိုင်ငံရဲ့အကြိုက် အချိန်ဆွဲတဲ့ နည်းဗျူဟာဖြစ်ပြီး၊ စစ်တပ်ကို လွှတ်တော်ထဲ နေရာပြန်ပေးဖို့စီမံထားတဲ့ကိစ္စ ဖြစ်တယ်။ ဒါဟာ မြန်မာပြည်သူလူထုတရပ်လုံးကို စော်ကားဆန့်ကျင်ရာရောက်တဲ့ အစီအစဉ်လည်း ဖြစ်နေတယ်။ မြေပြင်ပေါ်က အနေအထားကို စေ့စေ့စပ်စပ် မလေ့လာဘဲ၊ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အာဆီယံဟာ တရုတ်ရဲ့ ကျေးကျွန်ဘဝ ရောက်မှန်းမသိ ရောက်နေရှာတယ်။ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောထားတွေထဲမှာ ပြည်သူလူထုကို လေးစားရမယ်လို့ ဆိုထားပေမယ့်၊ လက်တွေ့မှာ မြန်မာပြည်သူတွေရဲ့ အသံကို သေသေချာချာ နားမထောင်ကြောင်း တွေ့ရတယ်။ 

အာဆီယံကို ရုပ်သေးအဖြစ် အသုံးချနေတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရတာဟာ ပြည်တွင်းရေးကိစ္စသာ ဖြစ်ပြီး နိုင်ငံရေး ဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်ထဲကနေ ဆွေးနွေးဖို့လိုတယ်လို့ မကြာသေးခင်က ပြောကြားခဲ့တာ သတိပြုမိတယ်။ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ရှောင်ပြီး နိုင်ငံအတွက်ရော လူမှုအဖွဲ့အစည်းအတွက်ပါ အမြန်တည်ငြိမ်မှုရအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတယ်။

ဇူလိုင် ၃ ရက် စနေနေ့က တရုတ်နိုင်ငံ ချင်ဟွာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ပြီး လူသားတိုးတက်မှု မြှင့်တင်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားရာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စ ထည့်သွင်းပြောဆိုခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့လည်း ပြောခဲ့တယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်အောင် လုပ်ဆောင်ကြဖို့၊ အရေးယူဒဏ်ခတ်မှုနဲ့ မသင့်လျော်တဲ့ ကြားဝင်မှု မလုပ်ဖို့လည်း သတိပေးထားတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ မျှော်လင့်နေတဲ့အတွက် မြန်မာ့အရေးကို အဆင်ပြေအောင် အာဆီယံ နည်းလမ်းနဲ့ ကိုင်တွယ် တွန်းအားပေးမှုကို ထောက်ခံတယ်လို့လည်း ဆိုတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှုတွေအကြောင်း ကမ္ဘာက သိလာနေပြီဖြစ်လို့ ယေဘုယျအားဖြင့် တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ ပူးပေါင်းပြီး မင်းအောင်လှိုင်ကို အကာအကွယ်ပေးဖို့ အချိန်ဆွဲဗျူဟာကို သုံးလာတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အာဆီယံမူ ၅ ချက် အကောင်အထည်ဖေါ်ဖို့ဖြစ်စေ၊ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးကြဖို့ဖြစ်စေ၊ အချိန်တွေ လွန်သွားခဲ့ပြီ ဖြစ်တယ်။ မဖမ်းသင့်တဲ့လူတွေ ဖမ်း၊ မသတ်သင့်တဲ့သူတွေ သတ်ရုံမက စစ်တပ်ကိုယ်တိုင် ပြန်ပေးဆွဲမှု၊ လုယက်မှု၊ ဓားပြမှုတွေ မရေမတွက်နိုင်အောင် ကျူးလွန်နေတာတွေကို မျက်ဝါးထင်ထင်မြင်နေပါလျက် တရုတ်နဲ့ အာဆီယံက တားမြစ်တာ ထိန်းကျောင်းတာ ကန့်ကွက်တာ ဘာတခုမှ မလုပ်ခဲ့ခြင်းဟာ ကြံရာပါဖြစ်နေလို့လားလို့ မေးခွန်းထုတ်နေကြပါတယ်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို စစ်တပ်က အင်အားသုံး ပစ်ခတ်ဖြိုခွဲတာကြောင့် ကလေးငယ် ၄၆ ယောက် အပါအဝင် အရပ်သား ၈၉၇ ယောက်် သေဆုံးခဲ့ပြီး၊ ၆၅၄၉ ယောက် ဖမ်းဆီးခံရကြောင်းနဲ့ ဖမ်းဆီးရမယ့် တရားခံများအဖြစ် စာရင်းထုတ်ပြန်ဖေါ်ပြခံရသူ ၁၉၆၃ ယောက်ရှိကြောင်း မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၇  ရက်နေ့စာရင်းတွေအရ သိရတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်တပ်အပေါ် ဆွစ်ဇာလန်နိုင်ငံက ဇူလိုင်လ ၁ ရက်နေ့မှာ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်ကြောင်း သိရတယ်။ နိုင်ငံတော်ရှေ့နေချုပ်၊ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၂ ဦး စုစုပေါင်း ၈ ဦးအပေါ် ပစ်မှတ်ထား အရေးယူလိုက်တာဖြစ်ကြောင်း ဗွီအိုအေသတင်းအရ သိရတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ခေါင်းဆောင် ၉ ဦးနဲ့  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို ဆွစ်ဇာလန်က ဧပြီလအတွင်း ဒဏ်ခတ်အရေးယူခဲ့ပြီး ဖြစ်တယ်။

အခု ဒဏ်ခတ် အရေးယူခံရတဲ့သူတွေဟာ “မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေ ထိခိုက်ပျက်ပြားစေတဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာ ပါ၀င်ခဲ့သလို နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြောင်း” ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာဌာန အတွင်းဝန်ရုံးက ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားတယ်။ ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်း ၄ ခုကိုလည်း ဒီ အရေးယူ ဒဏ်ခတ်မှု အသစ်ထဲ ထည့်သွင်းလိုက်ကြောင်း သိရတယ်။ ဆွစ်ဇာလန်နိုင်ငံက အခုချမှတ်လိုက်တဲ့ ဒဏ်ခတ် အရေးယူမှုအသစ်တွေဟာ အီးယူ - ဥရောပသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချမှတ်ခဲ့တဲ့ ဒဏ်ခတ် အရေးယူမှုတွေနဲ့ တထပ်တည်း ဖြစ်ကြောင်းလည်း ဗွီအိုအေသတ်းအရ သိရတယ်။

တချိန်တည်းမှာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို အမေရိကန်၊ ဗြိတိန်၊ အီးယူ ၂၇ နိုင်ငံတို့က တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံတွေက ဟန့်တားနေတယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောကြားခဲ့ဖူးတယ်။ နိုင်ငံတွင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရင် EU အနေနဲ့ စီးပွားရေး အထောက်အကူတွေကို ပိုပြီး ပေးအပ်နိုင်မယ်လို့ သူက ဆိုတယ်။

“လက်နက်ရောင်းချမှု ပိတ်ပင်တာလို စစ်ကောင်စီအပေါ် ပြစ်ဒဏ်ချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြိုးပမ်းချက်တွေအပေါ် တရုတ်နဲ့ ရုရှားက ဟန့်တားဖို့ လုပ်နေတာဟာ သိပ်မထူးဆန်းဘူး။” လို့ EU ထိပ်တန်းသံတမန် Josep Borrell က ဆိုပါတယ်။ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေကြား မြန်မာနိုင်ငံအရေး သဘောတူညှိနှိုင်းမှုတွေရဖို့ ခက်ခဲမှာ ဖြစ်ပေမယ့် ကြိုးစား လုပ်ဆောင်သွားဖို့က ကျနော်တို့တာဝန်ဖြစ်တယ်လို့ Borrell က EU အဖွဲ့ဝင် ၂၇ နိုင်ငံကိုယ်စား ပြောဆိုခဲ့ပါတယ်။ “မြန်မာစစ်တပ်က ပြည်သူတွေကို လက်နက်အင်အားသုံး ပစ်ခတ်နှိမ်နင်းနေတာတွေကို ကမ္ဘာကြီးက အထိတ်တလန့် စောင့်ကြည့်နေရတယ်” လို့လည်း Josep Borrell က ဆိုတယ်။

တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို အများဆုံးလက်နက်ရောင်းချနေတဲ့နိုင်ငံတွေ ဖြစ်နေတယ်။  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ EU ဥရောပသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီး၊  စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ဖို့လည်းလုပ်ဆောင်နေတယ်လို့ သိရတယ်။ EU အနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ အများကြီးမရှိပေမယ့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်တဲ့အချိန်မှာ ကုန်သွယ်ရေးနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Borrell က ဆိုတယ်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် EU တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၇၀၀ ပဲရှိကြောင်း တွေ့ရတယ်။

ဖေဖော်ဝါရီလကစပြီး စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆိုးဝါးလှတဲ့ အခြေအနေဟာ ပြည်တွင်းစစ်ဖြစ်မယ့် အနေအထားဆီ ဦးတည်နေပြီး၊ ဒေသတွင်း လုံခြုံရေးကို ထိခိုက်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဇူလိုင်လ ၆ ရက်နေ့က သတိပေးလိုက်ကြောင်း ဗွီအိုအေသတင်းအရ သိရတယ်။ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးတင်ပြရာမှာ အခုလပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကြောင့် ဘက်ပေါင်းစုံ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း Michelle Bachelet က တင်ပြခဲ့တယ်လို့ ဆိုတယ်။ 

Michelle Bachelet ရဲ့အဆိုအရ မြန်မာနိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးရေး မျှော်လင့်ချက်တွေ ပျက်စီးခဲ့ရပြီး၊ နိုင်ငံတဝန်း အကြမ်းဖက်မှုတွေနဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တွေကြောင့် ကျရှုံးနိုင်ငံ (Failed State)  ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ် (Nationwide Civil War) ဖြစ်ဖို့ အလားအလာ ပိုများလာနေတယ်လို့ ဆိုတယ်။ ဒီ့အပြင် စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေဆိုးတွေကြောင့် ဒေသတွင်း လုံခြုံရေးကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်လာမယ့် အနေအထားကို ရှင်းရှင်းလင်းလင်း တွေ့နေရကြောင်းလည်း ပြောခဲ့တယ်။

စစ်တပ်ဟာ အာဏာသိမ်းရာကနေ ပုံစံချက်ချင်းပြောင်းသွားပြီး အရပ်သားပြည်သူကို တိုက်ခိုက်လာတယ်။ အရပ်သားပြည်သူအပေါ် အကြမ်းဖက်တိုက်ခိုက်မှု တဖြည်းဖြည်း စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုးလုပ်လာနေတယ်လို့လည်း မစ္စ Bachelet က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက နေ့စဉ်လိုလို ဆန္ဒပြနေ ကြတယ်။ ဒါကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးရတဲ့ပြည်သူက အခုအချိန်အထိဆို ၉၀၀ ဝန်းကျင် ရှိလာပြီဖြစ်သလို နေအိမ်တွေကနေ ထွက်ပြေးပုန်းရှောင်နေရသူ ၂ သိန်းလောက် ရှိလာနေပြီလို့ သတင်းတွေက ဆိုတယ်။

တရားလက်လွတ် အဖမ်းခံနေရသူက ၆,၅၀၀ ကျော်ရှိနေပြီး ဒီအထဲမှာ သတင်းသမား ၉၀ ကျော်ပါ၀င်တယ်။  ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၈  ခုရှိနေတယ်လို့ သိရတယ်။ ဒါ့အပြင် အဖမ်းခံရသူတွေ ပျောက်ဆုံးနေတာ၊ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ဖမ်းဆီးခံထားရစဉ် သေဆုံးတာ၊ ဖမ်းမမိသူတွေရဲ့ မိသားစုဝင် ကလေးငယ်ပါမချန် ဖမ်းဆီးတာတွေ ရှိနေကြောင်းလည်း ပြောခဲ့တယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတဝန်းမှာ ပြည်သူတွေက ရရာလက်နက်ကိုင်စွဲပြီး တော်လှန်လာကြတယ်။ ဒေသအလိုက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်း တွန်းလှန်လာနေကြတယ်။ ဒါကို စစ်တပ်က အင်အားကို လိုတာထက်ပိုသုံးပြီး တုံ့ပြန်နေတာ တွေ့ရတယ်။ အကြမ်းဖက်မှုဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံရနိုင်တဲ့အတွက် အလွန်စိုးရိမ်ကြောင်း Michelle Bachelet က ပြောကြားခဲ့တယ်။

ဇွန်လ ၂၂ ကနေ ၂၇ အထိ ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ အထီးကျန်နေလို့ မရပါဘူးလို့ ရုရှားသတင်းဌာန RIA နဲ့ သီးသန့် မေးမြန်းခန်းမှာ ရုရှား၊ တရုတ် စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်ကကာကွယ် ရပ်တည်နေတဲ့ ရုရှားနဲ့ တရုတ်တို့က မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတယ်။

“ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သူတို့သိအောင် ကြိုးစားပြီးတော့မှ နိုင်ငံတကာမျက်နှာစာတွေမှာ သူတို့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကို သိအောင် သူတို့ပြန်ပြီးတော့မှ ဆောင်ရွက်ပေးတာတွေက သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပါ။” လို့ မင်းအောင်လှိုင်က ပြောကြောင်း ဗွီအိုအေသတင်းအရ သိရတယ်။

တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းရုံမက မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ပိုင်ခွင့်တွေလည်း အောက်ဈေးနဲ့ရနေကြတယ်။ အရပ်သားအစိုးရကို ဖမ်းဆီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေက ဝေဖန်ပြစ်တင်ရုံမက၊ ဒဏ်ခတ် အရေးယူမှုတွေလည်း လုပ်နေတယ်။ ဒီလို ကူရာကယ်ရာမဲ့နေချိန်မှာ အခြေအနေမှာ မြန်မာစစ်တပ်ကို ရုရှားနဲ့တရုတ်တို့က အကာအကွယ်ပေးနေကြတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စ မဲခွဲတိုင်း ရုရှားနဲ့ တရုတ်တို့က အကြမ်းဖက်စစ်ကောင်စီဘက်က ရပ်ခဲ့ကြတယ်။ တရုတ်နဲ့ရုရှားက အရပ်သားအစိုးရနဲ့ ဆက်ဆံရတာထက် စစ်ကောင်စီနဲ့ ဆက်ဆံရတာ သူတို့အတွက် ပိုပြီးအကျိုးအမြတ်ရှိတယ်လို့ ယူဆထားကြတဲ့အလျောက် မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ထည့်တွက်ကြမှာ မဟုတ်တာ သေချာပါတယ်။ အလားတူ ASEAN အဖွဲ့ကလည်း မြန်မာပြည်သူတွေကို မျက်နှာမူမှာ မဟုတ်ပါဘူး။

ပေါင်းရုံးသုံးသပ်ရရင် နွေဦးတော်လှန်ရေးမှာ ပါ၀င်ဆင်နွှဲနေကြတဲ့ ဂျန်ဇီးလူငယ်တွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ရုရှားနဲ့ တရုတ် ခေတ်သစ်နယ်ချဲ့သမားတို့ရဲ့ အန္တရာယ်ကို လျှော့မတွက်မိကြဖို့ လိုတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ အကြိတ်အနယ် ရင်ဆိုင်ရုန်းကန်တိုက်ပွဲဆင် နေရချိန်ဖြစ်လို့လည်း ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပိုမိုကျစ်လျစ်ဖို့ လိုတယ်။ အခုတလော အကြမ်းဖက် စစ်အုပ်စုရဲ့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ သွေးခွဲသပ်လျှိုရေး စစ်ဆင်ရေးတွေ ဆိုရှယ်မီဒီယာအနှံ့မှာ တွေ့လာနေရတယ်။

နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ မြန်မာပြည်သူလူထုအကြား ဖြစ်နေတဲ့ ပဋိပက္ခဖြစ်တဲ့အတွက် ပြည်သူတွေ သွေးစည်းညီညွတ်မှု လျော့ရဲရင် တော်လှန်ရေးအတွက်  အရင်းအနှီး ပိုကြီးသွားနိုင်သလို အချိန်လည်း ပိုပေးရပါလိမ့်မယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ CDM အင်အားစုတွေ၊ CRPH ၊ NUG  နဲ့ Gen-XYZ  တို့ အကြား သွေးစည်းညီညွတ်မှု ခိုင်မာရေးဟာ အလွန်အရေးကြီးပါတယ်။ တော်လှန်ရေး အင်အားစုတွေထဲကို စိမ့်ဝင်လာနိုင်တဲ့ ထရိုဂျင်နဲ့ စပိုင်တွေကိစ္စ လျှော့မတွက်မိပါစေနဲ့။ အထူးသဖြင့် ဒီအချိန်မှာ ရန်သူလား၊ မိတ်ဆွေလား သတိပြုဖို့ အလွန်အရေးကြီးပါတယ်။ တော်လှန်ရေးသတိရှိကြဖို့နဲ့ တော်လှန်ရေးယုံကြည်ချက် ခိုင်မာကြမှသာ အရေးတော်ပုံအောင်ပါလိမ့်မယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့နောက်မှာ ကောက်ကျစ်စဉ်းလဲပြီး အတ္တကြီးလွန်းတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ ရှိနေတာကို မမေ့သင့်ပါ။ ဒီ့အပြင် အာဆီယံရဲ့ ကြားဝင်လိုမှုကို လက်ခံမိရင် တော်လှန်ရေးမှာ အသက်သွေးတွေ ပေးဆပ်ခဲ့ကြသူတို့အပေါ် မျက်နှာပျက်စရာ ဖြစ်လာနိုင်တာကိုလည်း ဆင်ခြင်ကြဖို့ လိုပါတယ်။ ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ အာဆီယံ၊ တရုတ်၊ ရုရှား တို့ဟာ အဓမ္မဘက်က ရပ်တည်နေကြောင်း ထင်ရှားနေတယ်။

နန္ဒလင်းရှိန်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024