ပျောက်ဆုံးနေတဲ့ မွန်ပြည်နယ်မှာ မုဒုံမြို့၊ မုဒုံကြီးရပ်ကွက်နေသူ အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာမ မပွင့်သဇင်ဦးကို ဇူလိုင် ၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။
ကျောင်းဆရာမကိုတော့ သူစတင် ပျောက်ဆုံးခဲ့တဲ့ ကျိုက်မရောမြို့နယ် မာကာလာတံတားအနီးက ချောင်းထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။
ကျောင်းဆရာမဟာ ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ စတင်ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး သူစတင် ပျောက်ဆုံးခဲ့တဲ့ တံတားအနီးမှာ ဆွဲခြင်းနဲ့ ထမင်းချိုင့်တွေ စတင်တွေ့ရှိခဲ့လို့ ပျောက်ဆုံးနေမှန်း သိရှိခဲ့ရတာပါ။
ဒါပေမယ့် ကျောင်းဆရာမ စီနင်းလာတဲ့ မော်တော်ဆိုင်ကယ်၊ ဖုန်းနဲ့ ဝတ်ဆင်ထားတဲ့ လက်ဝက်ရတနာတွေလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျောင်းဆရာမဟာ ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆရာမ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့ဘက်က စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။