မကွေးမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က သံဃာတော် ၄ ပါးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေကတော့ သံဃာတော် ၄ ပါး၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင် ၅ ယောက်၊ အောင်မေတ္တာရပ်ကွက်က ၄ ယောက်၊ အောင်စေတနာရပ်ကွက်က ၂ ယောက်၊ ကန်သာ၊ အောင်ဇေယျာ၊ ရန်ကင်း၊ ရန်မျိုးလုံ၊ ဇီးကျွန်း၊ ရန်မျိုးအောင်၊ ရွာသစ်ပွဲကြိုရပ်ကွက်တွေနဲ့ မန်းရေနံမြေနဲ့ တောင်းတွင်းကြီးမြို့ဘက်က ၁ ယောက်စီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ဆေးရုံမှာ ဆရာဝန် မလုံလောက်တာကြောင့် ပိုးတွေ့တဲ့လူနာတိုင်းကို ဆေးရုံ မပို့ဆောင်တော့ဘဲ ရောဂါမပြင်းထန်တဲ့ လူနာတွေကို နေအိမ်မှာပဲ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဆေးရုံမှာလည်း သောက်ရမယ့်ဆေးတွေကို ပြည်သူ့အစိုးရ လက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။
မကွေးမြို့ပေါ်မှာ အနံ့ပျောက်တဲ့သူတွေနဲ့ ထိစပ်သံသယရှိတဲ့သူတွေကို တိုင်းဒေသကြီး အားကစားကွင်းမှာ RDT နဲ့ စစ်ဆေးပေးနေပြီး ပိုးတွေ့လူနာတွေကိုတော့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်မှာ သီးခြားကုသပေးနေတယ်လို့ သိရပါတယ်။