ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဇူလိုင် ၄ ရက် ည ၁၁ နာရီကျော်မှာ မြို့မရဲစခန်းနဲ့ ငါးဘက်ကြီးကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က ကြေညာပါတယ်။
ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ် ကေအိုင်အေတပ်တွေနဲ့အတူ မနေ့ညက ငါးဘတ်ကြီးရွာအနီး စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်ရာနေရာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရွှေကူမြို့မရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေလုံခြုံဘေးကင်းရေးကိုရှေးရှုပြီး ည ၁၁ နာရီ ၂၃ မိနစ်မှာ အထိအခိုက်တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း (S.P.D.F)က ကြေညာထားပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက် ကျဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့မရဲစခန်းနဲ့ စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောတွေ ၃ ကြိမ်ထက်မနည်း ပစ်ခိုက်တိုက်ခိုက်ခံရပြီး ၂ ကြိမ်ဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကကြေညာထားပါတယ်။