ကချင်ပြည်နယ်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ အစုအပြုံလိုက်တွေ့လာရပြီး ဇူလိုင် ၁ ရက်က စစ်ဆေးတွေ့သူ ဦးရေဟာ ပြီးခဲ့တဲ့ တလလုံး တွေ့ရတာရဲ့ ၃ ပုံ ၁ ပုံကျော် ရှိနေပါတယ်။
အခုအခါ ကိုဗစ်ပိုးတွေ့ လူနာတွေ့ရတာ များလာနေပြီး လုပ်ငန်းခွင်နဲ့ မိသားစုထဲမှာ အစု လိုက် ကူးစက်တာတွေ ရှိနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား တာပါ။
ဇူလိုင် ၁ ရက်က လူဦးရေ ၁၄၈ ယောက်ကို စစ်ဆေးခဲ့ပြီး ဗန်းမော်မှာ ပိုးတွေ့လူနာ ၁၁ ယောက်၊ မြစ်ကြီးနားမှာ ၈ ယောက်၊ ဝိုင်းမော်မှာ ၆ ယောက်နဲ့ ရွှေကူမြို့မှာ ၂ ယောက်၊ စုစုပေါင်း ၂၇ ယောက် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဇွန် ၁ ရက်ကနေ ဇူလိုင် ၁ ရက်အထိ လူနာ စုစုပေါင်း ၇၃ ယောက် စစ်ဆေးတွေ့ထားပြီး မြစ်ကြီးနားမှာ အများဆုံးတွေ့ခဲ့ရတာပါ။
ဗန်းမော်မြို့မှာ တွေ့ရတဲ့လူနာတွေဟာ စားသောက်ဆိုင်တစ်ခုနဲ့ အဝေးပြေး မော်တော်ယာဉ်မောင်းတွေကို စစ်ဆေးရာကနေ အစုလိုက်တွေ့ ရတာဖြစ်ပြီး မြစ်ကြီးနား မြို့မှာတော့ စားသောက်ဆိုင်တစ်ခုက ပြန့်ပွားတာနဲ့ ဖားကန့်မြို့နယ်က လူနာနဲ့ ထိတွေ့သူက တဆင့် ကူးစက်ကြတာဖြစ်ပါတယ်။
ရွှေကူမြို့မှာလည်း အဝေးပြေးမော်တော်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးရာကနေ တွေ့ခဲ့ရတာပါ။
ပြီးတော့ မြစ်ကြီးနားမြို့ကပဲ အသက် ၈၆ နှစ်နဲ့ ၇၁ နှစ်အရွယ် အဖွား ၂ ယောက် သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်အထိမှာတော့ ဆေးရုံတွေမှာ တက်ရောက်ကုသခံနေသူပေါင်း ၃၃ ယောက် ရှိတယ်လို့လည်း ကျန်းမာရေးဌာနက ဆိုပါတယ်။