Home
ဆောင်းပါး
စစ်အာဏာသိမ်းမှုနှင့် တရုတ်၊ ရုရှားစီးပွားရေးချဲ့ထွင်မှု
DVB
·
July 2, 2021

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ  စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထပ်ချဲ့လာခဲ့သလို  ရုရှားနိုင်ငံရဲ့ ရပ်ဆိုင်းထားတဲ့  စီမံကိန်းတွေလည်း ပြန်ပြီးစတင်ဖို့ ပြင်ဆင်နေကြပါတယ်။ 

ဒီလို အဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေး ထိုးဆင်းသွားသလို  ငွေကြေးစနစ်လည်း ပျက်ယွင်းသွားခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာဆိုရင်တော့ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားတဲ့ တိုင်းပြည်တွေက တရားဥပဒေစိုးမိုးမှု ပျက်ပြီး အမိန့်ညွှန်ကြားချက်တွေနဲ့ ပါးစပ်က ထွက်တဲ့ စကား ဥပဒေဖြစ်နေတဲ့ နိုင်ငံကနေ တဖြေးဖြေး ထွက်ခွာနေကြပါပြီ။  တချို့လည်း အပြောင်းအလဲ တစ်စုံတရာဖြစ်နိုးနိုးစောင့် ကြည့်နေပေမယ့် တစ်ရက်တခြားဆုတ်ယုတ်ကျဆင်းလာတဲ့ အနေအထားတွေကြောင့်  ရှေ့ဆက်ဖို့ထက် နောက်ပြန်လှည့်ဖို့ပဲ စိတ်ဝင်စားကြမှာပါ။ 

ဥပမာ အဒါနီဆိပ်ကမ်း အထူးစီးပွားရေးဇုန်လီမိတက် (Adani Ports and Special Economic Zone Limited )ကိစ္စမျိုးပါ။ ဒီလုပ်ငန်းစုကြီဟာ  မြန်မာစစ်တပ်နဲ့ ပတ်သက်နေတာကြောင့် နော်ဝေးနိုင်ငံ၊  KLP ရန်ပုံငွေအဖွဲ့က သူတို့ကျင့်သုံးတဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုမူဝါဒနဲ့ဆန့်ကျင်နေတဲ့အတွက် လုပ်ငန်းစုကြီးထဲမှာ ရှိနေတဲ့သူတို့ တို့ပိုင်ရှယ်ယာများကို ထုတ်ရောင်းလိုက်တဲ့ ဥပမာမျိုးပါ။

အိန္ဒိယနိုင်ငံကအကြီးမားဆုံး ဆိပ်ကမ်းလုပ်ငန်းစုကြီးဖြစ်တဲ့(Adani Ports )ဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကနေ မြေကိုငှားပြီး ရန်ကုန်မှာ ကုန်သေတ္တာဆိပ်ကမ်းတခုတည်ဆောက်မယ့် စီမံကိန်းကိုလုပ်ဆောင်နေတာပါ။ ဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စစ်ဆေးလေ့လာမှု ခံယူနေရတဲ့အနေအထားပါ။ အဒန်နီအတွက်တော့ ဒီလို မြေငှားခွင့်ရဖို့  မြေငှားရမ်းခ MEC သို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးခဲ့ရတာပါ။ ဒါက အဒန်နီ အတွက်တော့ သင်ခန်းစာတစ်ခုပါပဲ။ ဒါကြောင့် နိုင်ငံတကာလုပ်ငန်းစုတွေဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခံထားရတဲ့  မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတာ အတော့်ကို မလွယ်ကူတော့တဲ့ အနေအထားပါ။  ဒါပေမဲ့ တခြားဘက်မှာတော့ ဒီလိုမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ အနေအထားကို စောင့်နေတဲ့ တရုတ်နဲ့ ရုရှားကလည်း အရန်အသင့် ရှိနေပါတယ်။

တရုတ်ခြေလှမ်း

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကို ခံနေရတဲ့ မြန်မာစစ်ကောင်စီအပေါ် သဘောထားမပြောင်းလဲတဲ့အကြောင်း ၊တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲစီမံကိန်းတွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမယ့်အကြောင်း အာဏာသိမ်းပြီးလေးလအကြာ ချုံချင့်မြို့မှာကျင်းပတဲ့ တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကပြောခဲ့တာကို ကြည့်မယ်ဆိုရင် တရုတ်ဘယ်ခြေလှမ်းကို လှမ်းနေသလဲဆို သိသာထင်ရှားလှပါတယ်။ ဝမ်ယိက ဒီလိုပြောခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ MRTV သတင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဆီကို ဇွန်လ ၇ ရက်နေ့က  စာပို့ခဲ့တယ်လို့ ပြောထားပါတယ်။ စာထဲမှာ  "စစ်ကောင်စီဟာ မြန်မာပြည်သူများကို ကိုယ်စားမပြုကြောင်း" ဒါ့အပြင် "စစ်ကောင်စီကို မြန်မာနိုင်ငံမှာ တရားဝင်အစိုးရဖြစ်လာဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပြည်သူတွေအကြားမှာဆက်ဆံရေး ထိခိုက်လာစေနိုင်တဲ့အကြောင်း” စာပို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၀  တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံ လာရောက်တုန်းက တရုတ်အစိုးရနဲ့  NLD အစိုးရတို့အကြား ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကိစ္စ၊ ရန်ကုန်မြို့သစ်ကိစ္စ၊ ရှမ်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့  မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန် ကိစ္စတွေ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အန်အယ်လ်ဒီ လက်ထက်က ဖွဲ့စည်းထားခဲ့တဲ့တရုတ်- မြန်မာစီးပွားရေးစင်္ကြံ စီမံခန့်ခွဲရေး အဓိက ကော်မတီတစ်ခုကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး စီမံကိန်းကို တွန်းလုပ်ဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် စီမံကိန်းတွေအတွက် အာဏာသိမ်း စစ်ကောင်စီကို ငွေချေးပေးဖို့ တရုတ်ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က တံခါးဖွင့်ထားတဲ့အကြောင်းစီးပွားရေး သတင်းစာ Financial Times ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနမှာ ရေးသား ထားတာလည်းတွေ့ရပါတယ်။

အလားတူပဲ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အမေရိကန် ဒေါ်လာ ၂ဒသမ၅ ဘီလီယံ တန်ကြေးရှိတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းကြီးအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၅ ခုကို ခွင့်ပြုပေးထားပါတယ်။ တရုတ်ကုမ္ပဏီကြီးတွေက အဓိက ရင်းနှီးမြှုပ်နှံမယ့် ဒီစီမံကိန်းကို ဘာကြောင့် အလျင်စလို ခွင့်ပြုပေးလိုက်တာလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ဘီဘီစီ နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

"ဒီရင်းနှီးမြှုပ်နှံမှုဟာ အာဏာသိမ်းပြီးတော့မှ အသစ် ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတော့ မဟုတ်တဲ့အကြောင်း၊ ၂၀၂၀ စက်တင်ဘာလ ၉  ရက်နေ့  အန်အယ်လ်ဒီ အစိုးရလက်ထက်မှာစတင်ပြီး ကမ်းလှမ်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့အကြောင်း၊ လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အတွက် ခွင့်ပြုမိန့်တွေ ချမပေးခဲ့သေးတာဖြစ်တဲ့ အကြောင်း၊ စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ ဝင်ရောက်ပါတယ်ဆိုတာ ပြချင်ဇောနဲ့  အလျင်စလို အတည်ပြုလိုက်တာဖြစ်တဲ့အကြောင်း၊စစ်ကောင်စီဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရမဟုတ်တဲ့အတွက် ဒီလို ခွင့်ပြုပေးတာကို အန်ယူဂျီအစိုးရ အနေနဲ့ လက်မခံတဲ့ကြောင်း၊ ဒီလို မပြုဘူးဆိုတာကိုလည်းတရားဝင် ထုတ်ပြန်ထားပြီးသားဖြစ်ကြောင်း " ဝန်ကြီး ဦးတင်ထွန်းနိုင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က နောက်ဆုတ်မယ့် အနေအထား မရှိသလို တရုတ်ဘက်ကလည်း ဆက်ပြီး မျက်နှာပြောင်မယ့် အနေအထားရှိနေပါတယ်။  ဒါထက်ပိုဆိုးတာက အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တရုတ်ကုမ္ပဏီတစ်ခုကို ကျွန်းသစ် တစ်ဧကကို အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာနဲ့ စာချုပ်ချုပ်ပြီး ဧကပေါင်း ငါးသောင်း ( ၅၀၀၀၀) ကျော် ရောင်းထားတယ်ဆိုတဲ့သတင်းပါ။ ပါမစ်စီးပွားရေးကလွဲလို့ ဘာမှ မလုပ်တတ်တဲ့စစ်ကောင်စီဟာ အာဏာသိမ်းပြီးမကြာခင်မှာပဲ  ကိုယ်ပိုင်အစွမ်းအစတွေကို ဒီလိုနည်းနဲ့ ထုတ်ပြလိုက်ပါပြီ။

ဇွန်လ ၂၅ ရက်နေ့က ကျင်းပတဲ့ အမျိုသားညီညွတ်ရေးအစိုးရ သတင်းစာရှင်းလင်းပွဲအမှတ် ( ၂ /၂၀၀၂) မှာ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာပြောကြားခဲ့တာကတော့ " မြန်မာနိုင်ငံမှာရှိတဲ့ ခရိုနီကုမ္ပဏီတွေရဲ့ စားရင်းတွေအားလုံးနဲ့ သူတို့လက်မှတ်ထိုးထားတဲ့ စာချုပ်တွေ အားလုံးကို ကျနော်တို့ ရထားပါတယ်။ စစ်ကောင်စီနဲ့ အဆက်အစပ် ရှိတဲ့၊ ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်ရှိတဲ့ စီးပွားရေးသမားတချို့ဆို တစ်ယောက်ကို ကုမ္ပဏီ ၂၀၀ လောက်ပိုင်ကြတယ်။ ကုမ္ပဏီတစ်ခုဆို နာမည်တော့မပြောသေးဘူး။ အဲဒီကုမ္ပဏီက ကျွန်းသစ်ဧက တစ်ဧက ကို ၃၇ ဒေါ်လာနဲ့ ဧက  ငါးသောင်းကျော်ကို တရုတ်ကုမ္ပဏီတစ်ခုကိုရောင်းထားတဲ့ စာချုပ် ရတားတယ်။ သိပ်အံသြ ဖို့ကောင်းတယ်" လို့ ပြောပြခဲ့တာပါ။

ဒါက တရုတ်က အောက်ဈေးနဲ့ လုပ်ကွက်ကောင်း သစ်မှောင်ခိုတဲ့သဘောပါ။ ဒီခေတ်မှာ ကျွန်းသစ် တစ်ဧကကို ၃၇ ဒေါ်လာနဲ့ ဘယ်လိုမှ မရနိုင်ဘူးဆိုတာ ကလေးတောင်သိပါတယ်။ ဒါဆို ဘာကြောင့် ဒီဈေးဖြစ်နေရတာလဲ၊ အကျင့်ပျက်ခြစားမှုက ပေါ်ပေါ်တင်တင်ကိုပြန်လည် ခေါင်းမော့ လာခဲ့ပါပြီ။ ဒီနေရာမှာ မေးစရာရှိတာက ဒီလိုလုပ်ချင်လို့ အာဏာပြန်သိမ်းတာလားဆိုတဲ့ မေးခွန်းပါပဲ။ တရုတ်ကို သစ်တောတွေ၊ ကျောက်တွင်းတွေ ရောင်းစားတာ မလောက်လို့ တိုင်းပြည်လိုက် ရောင်းစားဖို့ ကြံရွယ်နေသလားဆိုတာကလည်းနောက်ထပ်မေးသင့်တဲ့မေးခွန်းပါပဲ။

ဒီလို သစ်တောကြိုးဝိုင်းတွေ၊ သစ်တောမြေတွေကို လုပ်ပိုင်ခွင့်တွေ ချပေးပြီး ရောင်းစားရုံမကပါဘူး။ ပြီးခဲ့တဲ့မေလထဲမှာပဲ ကျွန်း/သစ်မာ၊ သစ် လုံး/ခွဲသားတွေကို  အိတ်ဖွင့်တင်ဒါခေါ် ရောင်းချခဲ့ပါတယ်။  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းနီးပါးရှိပါတယ်။ ဒီလို စစ်ကောင်စီက ရောင်းချနေတဲ့ သစ်တွေထဲမှာ NLD အစိုးရလက်ထက် ဖမ်းဆီးရမိထားတဲ့ သစ်တန် ၂ သိန်းကျော်ထဲက သစ်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံပိုင်သယံဇာတွေကို ရောင်းချပြီး ဝင်ငွေရှာဖွေနေမှုအပေါ် လုံးဝလက်ခံမှာ မဟုတ်ကြောင်းနဲ့ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေကို အမည်ပျက် စာရင်းသွင်းပြီး အရေးယူမယ်လို့  NUG က သတိပေးထားပါတယ်။ ဒါ့အပြင် လေလံတင်ရောင်းချရာမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူပိုင် ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတွေနဲ့ အမည်ပျက်စာရင်း ရေးသွင်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားပါတယ်။

ရုရှားခြေလှမ်း

တရုတ်က ခြေလှမ်းသွက်သလို ရုရှားကလည်း ခေသူတော့ မဟုတ်ပါဘူး။ အာဏာသိမ်းပြီး မကြာခင်မှာပဲ အန်အယ်လ်ဒီ အစိုးရလက်ထက်က ရပ်ထားတဲ့ စီမံကိန်းကို ပြန်စဖို့ပြင်ဆင်နေပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က  ပိတ်ခံခဲ့ရတဲ့ ရှမ်းပြည်နယ်မှာ ရှိတဲ့ အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) ပဲ ဖြစ်ပါတယ်။  တောင်ကြီးမြို့အနီးမှာတည်ရှိတဲ့ အဲဒီစက်ရုံဟာ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့  ရုရှားအစိုးရပိုင် Tyazhpromexport တို့အကြား ဖက်စပ် လုပ်ထားတဲ့ သံမဏိတူးဖေါ်သန့်စင်ရေး စီမံကိန်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့  ရုရှားအရာရှိတွေ ပင်းပက်စီမံကိန်းပြန်လည်စတင်ရေးအတွက် နေပြည်တော်မှာ ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံဝန်ကြီးဌာနချင်း ပူးပေါင်းပြီး ဆေးဝါးထုတ်လုပ်ရေး၊ ရာဘာနဲ့ အထည်ချုပ်လုပ်ငန်တွေ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့  နိုင်ငံတော်ပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ပင်းပက်စီမံကိန်းဟာ ပင်းပက်တောင် (ဒါမှမဟုတ် ) ထင်းရှူးတောင်ကို အကြီးမားဆုံး သံသတ္တုမိုင်းအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

စက်ရုံကိုတော့ တောင်ကြီးမြို့ကနေ (၈) မိုင်ခန့် အကွာ ပင်းပက်မှာရှိတဲ့ မြေ ဧက ၅၂၆၀ ပေါ်မှာတည်ဆောက်ထားတယ်လို့လည်းသိရပြီး အဲဒီစီမံကိန်းကနေပြီး သံတန်ချိန် ၂ သိန်းနဲ့ သံသတ္တုရိုင်း တန်ချိန် ၇ သိန်း ၂ သောင်း ထုတ်ဖို့ ရည်မှန်းထားတယ်လို့လည်းသိရပါတယ်။ စာချုပ် ချုပ်ဆိုခဲ့တာကတော့ ၂၀၁၄ ခုနှစ်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပြီး ယူရို ၁၃၇ သန်းတန်တဲ့ သဘောတူစာချုပ်လည်းဖြစ်ပါတယ်။ စက်ရုံကထွက်တဲ့ သံသတ္တုရိုင်းတွေကို မန္တလေးတိုင်း မြင်းခြံမှာရှိတဲ့ အမှတ် (၁) သံမဏိစက်ရုံမှာ သံမဏိထုတ်လုပ်တဲ့အခါ ကုန်ကြမ်းအဖြစ် အသုံးပြုမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်လောက်မှာစပြီး လည်ပတ်ခဲ့ပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ၂၀၁၇ မတ်လမှာ ပင်းပက်နဲ့  မြင်းခြံက သံမဏိစက်ရုံနှစ်ခုလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။

အခုတော့ မြန်မာနိုင်ငံမှာအာဏာသိမ်းလိုက်တဲ့အတွက် ရုရှားအတွက် စီမံကိန်း ပြန်စခွင့်ရသွားခဲ့ပါပြီ။ အဲဒီနောက်ပိုင်းတော့ အာဏာသိမ်း စစ်တပ်အတွက် စစ်လက်နက်တွေကို အဓိက ရောင်းချပေးနေတဲ့ ရုရှားနိုင်ငံနဲ့ ကာကွယ်ရေးအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကိုပါ  တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်နေပုံရပါတယ်။ အမှန်တော့ ၂၀၁၂ ခုနှစ် ကတည်းက ရုရှား- မြန်မာ နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေးကို နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးထားခဲ့တာပါ။  အန်အယ်လ်ဒီ လက်ထက်မှာ ရပ်တန့်နေတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို စစ်ကောင်စီက ဇွန်လ ၉ ရက်နေ့မှာ ရုရှား- မြန်မာ  ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးပူးတွဲ ကော်မရှင်နဲ့ပြန်စလိုက်ပါပြီ။

မြန်မာနိုင်ငံအနေနဲ့တော့ ရုရှားနိုင်ငံကို ဆန် ၊ ဆန်ကွဲ၊ ချုပ်ပြီးသား အဝတ်အထည်နဲ့ပဲ အမျိုးစုံတွေကို နှစ်စဉ် တင်ပို့မှုရှိတယ်ဆိုပေမယ့် အမေရိကန်ဒေါ်လာ ဆယ်ဂဏန်း ဝန်းကျင်လောက်ပဲ ရှိပါတယ်။

ရုရှားနိုင်ငံရဲ့ မြန်မာနိုင်ငံမှာ  ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန် ဒေါ်လာ ၉၄ သန်းရှိပါတယ်။  ပက်ပင်းနဲ့ မြင်းခြံ တို့လို စီမံကိန်း အပြင်စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်မှာလည်း ရွှေတူးတဲ့ ရုရှားကုမ္ပဏီငယ်တချို့ ရှိတယ်လို့လည်းသိရပါတယ်။ လေ့လာသူတွေကတော့ ရုရှားနိုင်ငံဟာ  မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ထက် သူတို့ အကျိုးအမြတ်များများ ရရှိနေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း အများအပြား ရောင်းချကိုသာ ပို၍ စိတ်ဝင်စားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024