ပြည်ပချေးငွေယူရာမှာ နိုင်ငံတော်အတွက် ဆုံးရူံးနစ်နာမှု လျော့နည်းအောင် စနစ်တကျစိစစ် သုံးသပ်ပြီးမှယူဖို့ စစ်ကောင်စီရဲ့ သြဇာခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောဆိုလိုက်ပါတယ်။
ဇွန် ၂၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြတဲ့ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းနှင့် ပြည်ပချေးငွေများအား စိစစ်သုံးသပ်ခြင်း" ဆိုတဲ့ ဆောင်းပါးကနေတဆင့် ဦး၀င်းသော်က အခုလိုရေးသားပြောဆိုလိုက်တာပါ။
အစိုးရဝန်ကြီးဌာနတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပြည်ပကနေ နှစ်ရှည်ချေးငွေနဲ့ အတိုးမဲ့ချေးငှားသည်ဖြစ်စေ၊ ရင်းနှီးမြှပ်နှံမူအကူအညီပေးသည်ဖြစ်စေ ရာခိုင်နှုန်းအများစုက ငွေသားမပေးဘဲ ပစ္စည်းကိုပဲ ယူရတာဖြစ်လို့ ဒီပစ္စည်းတွေကို နိုင်ငံတော်နဲ့ အဖွဲ့အစည်းတွေက လက်ခံရယူရာမှာ မှန်ကန်တဲ့တန်ဖိုးဖြစ်စေဖို့၊ စံချိန်မီတဲ့ အရည်အသွေးရှိစေဖို့နဲ့ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုမဖြစ်စေဖို့ စတဲ့အချက်တွေကို အလေးထားစဥ်းစားဆုံးဖြတ်စေလိုတယ်လို့ ဦး၀င်းသော်က ဆိုပါတယ်။
ပစ္စည်းကိုသာယူရပြီး ပြန်လည်ပေးဆပ်ချိန်မှာ နိုင်ငံခြားငွေနဲ့ ပေးချေရတာကြောင့် တန်ရာတန်ကြေးမဖြစ်ပါက ဆုံးရှုံးနစ်နာနိုင်ပြီး project ပြီးဆုံးချိန်မှာ ပစ္စည်းလက်ကျန်က သုံးမရတဲ့ အခြေအနေဖြစ်တတ်ပြီး နိုင်ငံရဲ့ သယံဇာတတွေ လျော့ပါးဆုံးရှုံးခြင်းသာ အဖတ်တင်နိုင်တယ်လို့ ဆိုပါတယ်။
အစိုးရကဏ္ဍမှာ စီမံကိန်းနှင့် ဘဏာရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ သဘောတူညီချက်နဲ့ ပြည်ပချေးငွေတွေ ရယူပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကမ္ဘာ့ဘဏ်နဲ့ အေဒီဘီဘဏ်တို့လို နိုင်ငံတကာဖွံ့ဖြိုးရေးဘဏ်တွေက မြန်မာနိုင်ငံကိုပေးနေတဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့တွေကို ထိန်းချုပ်လိုက်ကြပြီး၊ ဂျပန်အစိုးရကလည်း ODA ဖွံ့ဖြိုးရေးအကူအညီတွေကို ဆိုင်းငံ့ထားဖို့ သုံးသပ်နေပါတယ်။
အရင်ကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်၊ အေဒီဘီနဲ့ ကမ္ဘာ့ဘဏ်တို့ကနေ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေတွေကို တိုးမြှင့်ရယူဆောင်ရွက်ခဲ့ပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီအနေနဲ့ အဲဒီအတိုးနှုန်းနည်းတဲ့ ဖွံ့ဖြိုးရေးအကူအညီ မရနိုင်တဲ့အခါ နိုင်ငံရဲ့ ဘဏ္ဍာငွေ လိုအပ်ချက်အတွက် အတိုးနှုန်းများတဲ့ တရုတ်ချေးငွေကို ရယူဆောင်ရွက်မှာကိုတော့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေ စိုးရိမ်နေကြပါတယ်။