ရှမ်းပြည်မြောက်ပိုင်း သိန္နိမြို့မှာ မျိုးရိုးဗီဇကွဲကိုဗစ်ရောဂါ အတည်ပြုလူနာ တွေ့ရှိလာတဲ့အတွက် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရောဂါကူးစက်မှာကို စိုးရိမ်တယ်လို့ ဇွန် ၂၈ ရက် မနက်ပိုင်းက ကျောင်းသားမိဘတွေက ပြောပါတယ်။
ဇွန် ၂၄ ရက်က သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အတည်ပြုလူနာ ၅ ဦးနဲ့ ထိစပ်သူ ၇၀ ဦးလောက်အထိရှိနေတဲ့အတွက် စစ်ကောင်စီက ဖိအားပေးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခုလို စိုးရိမ်နေကြတာပါ။
“လက်ရှိမြို့ပေါ်မှာ ရောဂါပိုးတွေ့နေတာတောင် ကျောင်းတွေက ဖွင့်နေတာပဲ။ စာသင်လား၊ မသင်လားတော့ မသိဘူး။ အိမ်က ကလေးတွေကို ကျောင်းမလွှတ်တော့ဘူး။ ရောဂါကူးစက်ခံရမှာ စိုးရိမ်တယ်” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ကျောင်းဖွင့်ဖို့ စစ်ကောင်စီက အမိန့်နဲ့ ဖိအားပေးဖွင့်လှစ်ခိုင်းတဲ့အတွက် ကျောင်းဖွင့်လှစ်ထားရပေမဲ့ ရောဂါပိုးကူးစက်ခံရမှာကို စိုးရိမ်တယ်လို့ ကျောင်းတက်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
လတ်တလော ရောဂါကူးစက်မှု များပြားလာနေပေမဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ လူစုလူဝေးနဲ့ ထိုင်စားစနစ်ခွင့်ပြုထားတဲ့အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြို့ခံတွေက ဝေဖန်မှုနေကြပါတယ်။
ကော်မတီအနေနဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အပြင် ရောဂါပိုးတွေ့ရှိသူတွေကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပို့ဆောင်ရာမှာ တာဝန်ယူမှု မရှိတဲ့အတွက် အခက်အခဲတွေအများကြီး ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဇွန် ၂၃ ရက်ကစတင်ပြီး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ သိန္နီမြို့ ပြည်သူ့ဆေးရုံကို ဝင်ထွက်သွားလာတွေကန့်သတ်ပြီး လော့ဒေါင်းချထားတဲ့အပြင် အတည်ပြု လူနာတွေနဲ့ ထိစပ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့နေအိမ်တွေကိုပါ အသွားအလာ ကန့်သတ်ထားပါတယ်။