မြန်မာ့အရေးနဲ့ တရုတ်ရဲ့ စွက်ဖက်မှု

မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာ ၄ လ ကျော်ခဲ့ပါပြီ။ ဒီလို ဗြောင်ကျကျ အာဏာသိမ်းယူမှုဟာ ကမ္ဘာကို ရိုက်ခတ်တုန်လှုပ်စေခဲ့ပါတယ်။ ဒီကိစ္စဟာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပတဲ့ စက်မှုထိပ်သီး G-7 နိုင်ငံများရဲ့ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဒီမိုကရေစီကိုယ်စားပြု အနောက်ကမ္ဘာရဲ့ တုံ့ပြန်မှုက အားရစရာ ကောင်းလှပါတယ်။ ပြည်ပရောက် မြန်မာများနဲ့ ကမ္ဘာ့ဒီမိုကရေစီအင်အားစုများရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှုကိုလည်း ၁၂ ရက်နေ့မှာပဲ ကမ္ဘာ့မြို့ကြီး ၄၈ မြို့မှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။

အားမရစရာကောင်းတာက အာဆီယံနိုင်ငံများနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံများရဲ့ တုံ့ပြန်ပုံပါပဲ။ ဒီအထဲမှာ ပိုပြီးသတိပြုမိစရာကောင်းတာကတော့ တရုတ်နိုင်ငံရဲ့ တုံ့ပြန်ပုံတွေပါပဲ။ အာဏာ စတင်သိမ်းယူစကတည်းက တရုတ်နိုင်ငံက ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းရယူတာ ဖြစ်ကြောင်း တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲစွာ ရပ်တည်ခဲ့တာဖြစ်တယ်။ နောက်ပိုင်းတလျှောက်လုံးလည်း နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ကြဖို့ တစာစာ အော်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ သူတို့ လိုလားတဲ့အခြေအနေမျိုး မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုလားကြောင်း၊ အကြမ်းဖက်မှုတွေအားလုံး ရပ်စဲကြဖို့ တိုက်တွန်းကြောင်း စသဖြင့် ပြောဆိုခဲ့တယ်။ ဒါဟာ ပြည်တွင်းရေးသာဖြစ်လို့ အခြားနိုင်ငံများက ဝင်ရောက်မစွက်ဖက်ကြဖို့ ဆိုတာကိုတော့ အခါအခွင့်သင့်တိုင်း အကြိမ်များစွာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေး ပြည်ပက စွက်ဖက်မှာကို အရမ်းစိုးရိမ်နေရတဲ့အကြောင်းရင်း ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံအပေါ် သူသာလျှင် စွက်ဖက်ခွင့်ရှိတယ်လို့ ယူဆထားလို့ပါပဲ။ အဲဒီ ယူဆချက်နဲ့အတူ အကြိမ်အချို့ ဝင်ရောက်စွက်ဖက်ခဲ့၊ စွက်ဖက်ဆဲလည်း ဖြစ်တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သမိုင်ကြောင်းတချို့ကိုတော့ ပြန်လေ့လာကြည့်ဖို့လိုတာ ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) မတိုင်ခင် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ပြဿနာ ဖြစ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ ဒီဆောင်းပါးမှာတော့ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ထရုတ်-မြန်မာ စစ်ပွဲတွေလောက်ကပဲစပြီး အတိုချုံးဖော်ပြပါတယ်။ တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၅-၆၉) ၄ ကြိမ် ဖြစ်ခဲ့တယ်။ အဓိကစစ်ပွဲကြီးကိုတော့ သုံးကြိမ်လို့ မှတ်ယူရင်လည်း ရပါတယ်။ ပထအကြိမ်က တရုတ်စစ်သူကြီး ယန်ယင်ကျူ ခေါင်းဆောင်တဲ့ စစ်ပွဲ၊ ဒုတိယအကြိမ်က စစ်သူကြီးမင်ယွီ ခေါင်းဆောင်တဲ့ စစ်ပွဲနဲ့ တတိယအကြိမ်ကတော့ မန်ချူးဘုရင်နဲ့ ဆွေမျိုးတော်တဲ့ နယ်စားကြီး ဖူဟင်းကိုယ်တိုင် ဦးဆောင်တာပါ။ ဒုတိယအကြိမ်မှာ ဦးဆောင်တဲ့ မင်ယွီ ဆိုတာကလည်း အာရှအလယ်ပိုင်း ကုန်းတွင်းပိုင်းတိုက်ပွဲတွေမှာ နာမည်ရလာတဲ့ စစ်သူကြီးပါပဲ။ ဒီသုံးပွဲလုံး တရုတ်တပ်တွေ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့တာပါ။ စစ်ဖြစ်ရတဲ့အကြောင်းရင်းက မြန်မာဘုရင်လက်အောက်ခံ သိန္နီ၊ ဗန်းမော်နဲ့ ကျိုင်းတုံစော်ဘွား ၃ ယောက် မြန်မာဘုရင်ကို မနာခံဘဲ တရုတ်ပြည် ယူနန်ပြည်နယ်ထဲကို ထွက်ပြေးရာက စပါတယ်။ ယူနန်ဘုရင်ခံက စော်ဘွားတွေကို ပြန်မပေးဘဲ မန်ချူးဧကရာဇ် ချင်းလုံဘုရင်ကြီးထံ ဒီအချိန်ဟာ မြန်မာကို သိမ်းပိုက်ဖို့ အခွင့်ကောင်းဖြစ်ကြောင်း ယုံလောက်အောင် သံတော်ဦးတင်ရာက ချင်းလုံဘုရင်က စိတ်ပါလာပြီး စစ်ပွဲကို စတိုက်ခဲ့လို့ ဖြစ်ရတာပါပဲ။ ဒီအဖြစ်အပျက်တွေကနေ တွေ့နိုင်တာကတော့ နယ်စပ်ဒေသ အရှုပ်အထွေးတွေကို မှန်မှန်ကန်ကန် မရှုမြင်၊ မကိုင်တွယ်ခဲ့ရင် ပြဿနာကြီးတွေအထိ ဖြစ်လာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၁၇၆၉ ခုနှစ်မှာ တရုတ်-မြန်မာ စစ်ပြေငြိမ်းစာချုပ် ချုပ်ခဲ့ကြတယ်။ ဒီစာချုပ်မှာ မြန်မာဘုရင်ပိုင်နက်တွေကို အတိအကျ ဖော်ပြထားတာ ဖြစ်လို့ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်း နယ်စပ်ပြဿနာတွေ ဆွေးနွေးကြရာမှာ အင်္ဂလိပ်တို့က စစ်သူကြီး မဟာသီဟသူရနဲ့ စစ်သူကြီးဖူဟင်းတို့ကြား ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်ကို ကိုးကားခဲ့ကြရတာ ဖြစ်တယ်။

၁၇၉၆ ခုနှစ်မှာ ချင်းလုံဘုရင်ကြီး ကွယ်လွန်ပြီးနောက်ပိုင်း တရုတ်မင်းတွေက အရည်အချင်း ထက် ထက်မြက်မှုမရှိတာအပြင် တရုတ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို နယ်ချဲ့ ၅ နိုင်ငံလောက်က ပိုင်းခြားသိမ်းပိုက် လုယက်ကြဖို့ လုပ်နေတာတွေကြောင့် တရုတ်ဟာ မြန်မာဘက်ကို ဦးမလှည့်နိုင်တာ ဖြစ်တယ်။ ဒါတောင်မှ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ခါနီးမှာ အင်္ဂလန်မှာရှိတဲ့ တရုတ်သံက အင်္ဂလိပ်တို့ မသိမ်းပိုက်ခင် ဗန်းမော်မြို့ကို အမြန်သိမ်းယူထားဖို့ လှမ်းပြီးအကြောင်းကြားခဲ့သေးတာ ဖြစ်တယ်။ ဒါပေမဲ့ ပီကင်းမှာ နန်းတွင်း အရှုပ်အထွေးတွေရော၊ နယ်ချဲ့နိုင်ငံများနဲ့ ရင်ဆိုင်နေရတာတွေကြောင့် ယူနန်ပြည်နယ်အစွန်အဖျားက ကိစ္စကို လှည့်မကြည့်အားခဲ့ပါဘူး။ မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့တဲ့ ကာနယ်စလေဒင်ကလည်း ဒီကိစ္စတွေကို သိလို့ မန္တလေးကို သိမ်းပြီး တစ်ပတ်အတွင်းမှာ တပ်ရင်းတရင်း ဗန်းမော်ကို လွှတ်ပြီး စခန်းထိုင်ခဲ့တာဖြစ်တယ်။ စလေဒင်ရဲ့ တပ်ရင်းက ခံတပ်အပြင်ဘက် ကိုက်တစ်ထောင်လောက် အကွာအထိ ချုံနွယ်တွေ ရှင်းလင်းပြီး သတ်ကွင်းပြင်ထားတာကြောင့် တရုတ်ဘက်က ဘာမှ မလုပ်ရဲဘဲ ဒီအတိုင်းကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ပြီးသွားတာ မဟုတ်ပါဘူး။ အင်္ဂလိပ်က မြန်မာကို တရားဝင်အုပ်ချုပ်ရေး ထူထောင်ဖို့လုပ်တဲ့အချိန်တလျှောက်လုံး သူတို့ဟာ မြန်မာနိုင်ငံနဲ့ သိပ်ဆိုင်သလို၊ သူ့လက်အောက်ခံပဲ ဖြစ်ခဲ့သလိုပုံမျိုးနဲ့ အမျိုးစုံ ဆက်လက်ကန့်ကွက်နေခဲ့လို့ အင်္ဂလိပ်ဘက်က အပေးအယူတစ်ခုလုပ်ပြီး တရုတ်  ရန်ငြိမ်းအောင် လုပ်ခဲ့ရတာ ဖြစ်တယ်။ အဲဒါကတော့ တိဘက်ကိစ္စမှာ အင်္ဂလိပ်က ဝင်ရောက်ပြောဆို စွက်ဖက်တာ မလုပ်တော့ဘဲ မြန်မာကိစ္စမှာလည်း တရုတ်က လက်ရှောင်ဖို့ သဘောတူညီချက်ယူခဲ့ရတာ  ဖြစ်တယ်။ ဒါကတော့ ကိုလိုနီခေတ်ကာလတွေမှာ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို သိမ်းပိုက် ကြရာမှာ အပေးအယူ အလျော်အစားတွေနဲ့ လုပ်ခဲ့ကြတဲ့ထဲက သာဓကတစ်ခုပဲလို့ ဆိုရမှာပါ။

အဲဒီအချိန်က တရုတ်ကိုယ်တိုင် နယ်ချဲ့တွေကြားမှာ အသက်ရှူရပ်တည်လို့ရအောင် ကြိုးစားနေရတဲ့အချိန် ဖြစ်တယ်။ ယနေ့ကာလလို ကမ္ဘာ့အင်အား ဒုတိယအကြီးဆုံးဖြစ်နေချိန် မဟုတ်သလို ပထဝီနိုင်ငံရေးအမြင်တွေလည်း ယနေ့ကာလလို တွက်ချက်လာရတဲ့အချိန် မဟုတ်တဲ့အတွက် အပေးအယူက အလုပ်ဖြစ်ခဲ့တာပါ။ အခုကတော့ မြန်မာဟာ တရုတ်ရဲ့ ခေတ်အနောက်ကျဆုံး ပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ် တိုးတက်ရေးနဲ့ တရုတ်အနောက်တောင် ဘက်ခြမ်း ပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်အဖြစ် အရေးပါလာတာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ မဟာဗျူဟာမိတ်ဖက်ဖြစ်ကြောင်း၊ မြန်မာဟာ တရုတ်အကျိုးစီးပွားတွေနဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးကရော၊ တရုတ်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်ကပါ အခါအခွင့်သင့်တိုင်း ပြောနေကြတာ ဖြစ်တယ်။

အခု တရုတ်-မြန်မာဆက်ဆံရေးမှာ ချန်ထားလို့မရတဲ့ အရေးကြီးဆုံး စွက်ဖက်မှုတစ်ခုကို ပြောပါမယ်။ အဲဒီစွက်ဖက်မှုရဲ့ သက်ရောက်မှုက အခုချိန်ထိလည်း ဆက်လက်သက်ရောက်နေတာ ဖြစ်တယ်။ အဲဒါကတော့ ၁၉၆၈ ခုနှစ်က မြန်မာရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ ဗကပတွေကို ထိုးသွင်းပေးခဲ့တာပါပဲ။ ဗကပတပ်ဆိုတာက ၁၉၅၀ ပြည့်ကျော်လောက်က တရုတ်ပြည်ထဲ ဝင်သွားခဲ့ကြတဲ့ ဗိုလ်နော်ဆိုင်းတပ်နဲ့ ဗကပလက်ကျန်အင်အားများ ပေါင်းထားတာကို ပြောတာပါ။ သူတို့အားလုံးဟာ တရုတ်ပြည်မှာ အနှစ် ၂၀ နီးပါးနေလာခဲ့ကြလို့ အိမ်ထောင်တွေကျ၊ သားသမီးတွေ ရနေကြပါပြီ။ အားလုံး အသက် ၄၀ ကျော်၊ ၅၀ ကျော်တွေ ဖြစ်နေကြပါပြီ။ ဒီအင်အား ၃၀၀ လောက်ကို ဗန်းပြပြီး လက်ဝဲကူညီရေး အမည်ခံ တရုတ်လွတ်မြောက်ရေးတပ်က ဝင်တိုက်ပေးခဲ့တာ ဖြစ်တယ်။ အဲဒီအပျော်တမ်းတပ်အမည်ခံ တရုတ်တပ်ဟာ ဗကပတွေ ‘ဝ’ နယ်အထိ နယ်မြေတိုးချဲ့နိုင်ခဲ့တဲ့ ၁၉၇၃ လောက်မှာမှ ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဒီစွက်ဖက်မှုမှာ မြန်မာနယ်စပ်မှာ နဂိုကတည်းကရှိတဲ့ ကိုးကန့်ဖုန်ကျားစင်းတပ်တွေ၊ ဝနယ်က ကျောက်ညီလိုင်း ပေါက်ယိုချမ်းတပ်ဖွဲ့လေးတွေနဲ့ ဗကပကို မိတ်ဆက်ပေးခဲ့ပြီး အားလုံးကို ဗကပ အလံတော်အောက်က အမာခံတပ်တွေ ဖြစ်လာစေခဲ့တာပါ။

ဒါပေမဲ့ ဒီအမာခံအင်အားဆိုသူတွေကပဲ ဗကပရဲ့ ခေါင်းဆောင်မှုကို လက်မခံတော့ဘဲ ၁၉၉ဝ မှာ ခွဲထွက် ပုန်ကန်လိုက်ကြချိန်မှာတော့ ဗကပသမိုင်းမှာ ဂုဏ်အယူဆုံးဖြစ်ခဲ့တဲ့ အရှေ့မြောက်စစ်ဒေသ ဆိုတာလည်း နိဂုံးချုပ်သွားခဲ့တာပဲ ဖြစ်တယ်။ ဒါပေမဲ့ ‘ဝ’ နဲ့ ‘မိုင်းလား’ စတဲ့ဒေသတွေက သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ လက်အောက်မှာ ခုချိန်ထိ ဆက်ရှိနေတာဖြစ်တယ်။ နယ်စပ်မှာ ဗကပအင်အားတွေ ရှိလာတဲ့အတွက် တရုတ်ဘက်က ရရှိတဲ့ အကျိုးကျေးဇူးကတော့ သူ့ရဲ့နယ်စပ်ဒေသ လုံခြုံသွားတာပါပဲ။ ဗကပ မပေါ်ခင် တရုတ်နယ်စပ်တကြောမှာ ကူမင်တန်စခန်း အသေးလေးတွေရှိနေတာ ဖြစ်တယ်။ သူတို့ကို ရင်ဆိုင်ဖို့ တရုတ်ဘက်မှာ တပ်မ တစ်ခုလောက် ချထားရတာပါ။ တိန့်ရှောင်ဖိန် တက်လာပြီးနောက်ပိုင်း တရုတ်တပ်တွေ လျော့တဲ့အချိန်မှာ ဒီတပ်မကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဗကပ ပြိုကွဲသွားပြီး နောက်ပိုင်းမှာ နယ်စပ်ဒေသမှာ သူ့ကို ဩဇာခံမယ့်တပ်တွေ ရှိနေခြင်းရဲ့ အားသာချက်ကို တရုတ်ဘက်က ပိုပြီးသဘောပေါက်လာတာ ဖြစ်တယ်။ ဒီအင်အားတွေဟာ မြန်မာနိုင်ငံကို သူ သဘောကျ ဖြစ်အောင် ဝင်ရောက်စွက်ဖက်ဖို့ သပ်တစ်ချောင်း (သို့မဟုတ်) ဝှက်ဖဲများအဖြစ် သုံးလို့ရနေတာပါပဲ။ မြစ်ဆုံကို ဦးသိန်းစိန်က ဆိုင်းမဆင့် ဗုံမဆင့် ရပ်ဆိုင်းပစ်လိုက်တဲ့အချိန်မှာ တရုတ်အတွက် အတော်မခံမရပ်နိုင်ဖြစ်ခဲ့ရတာပါ။ ဒါကို တန်ပြန်ဖို့အတွက် AA နဲ့ ပလောင်တပ်ကို လက်နက်ထောင်ချီပြီး ပေးခဲ့တာဖြစ်တယ်။ ဒီသတင်းတွေကလည်း KIA ဗိုလ်ချုပ်တစ်ယောက်က ပြောတာဖြစ်တဲ့အတွက် ခိုင်မာတယ်လို့ ယူဆနိုင်ပါတယ်။ လက်တွေ့မှာလည်း AA နဲ့ ပလောင်တပ်ဟာ လက်နက်အပြည့်အစုံ၊ လူအင်အားအပြည့်အစုံ အချိန်တိုအတွင်း ရရှိလာတာ တွေ့ကြရတာ  ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အခြားသော EAO များဖြစ်တဲ့ ကချင်၊ ကရင်နဲ့ ရှမ်း လက်နက်ကိုင်တပ်တွေ နှစ် ၂၀ ကျော် စုဆောင်းမှ ရရှိမယ့် လက်နက်အင်အားမျိုးကို သူတို့က နှစ်နှစ်လောက်အတွင်း ရရှိခဲ့ကြတာပါပဲ။

ဗကပ မိုးကောင်းနေချိန်ကလည်း တရုတ်လက်နက် အများအပြား ကချင်နဲ့ ရှမ်းတပ်တွေကို ရောက်ရှိသွားခဲ့တာ ဖြစ်တယ်။ KIA ကို တပ်ရင်းလိုက် သင်တန်းပေးခဲ့တဲ့ မန်ဟီးရိုး၊ ကောက်ကွေ့ သင်တန်းကျောင်း ၄ ပတ်မှာ တပ်ရင်း ၄ ရင်းစာ လက်နက်အပြည့်အစုံ ဗကပက ထုတ်ပေးခဲ့တာ ဖြစ် တယ်။ နောက် KIA နဲ့ မဆလအစိုးရတို့ ဆွေးနွေးပွဲ အောင်မြင်မလိုဖြစ်နေချိန် ၁၉၈၀ လောက်မှာ ဗကပ က KIA ကို အစိုးရဘက် ပါမသွားအောင်ဆွယ်ခဲ့ပြီး တပ်ရင်း ၃ ရင်းစာ လက်နက်တွေ ပေးခဲ့ပါသေးတယ်။ အဲဒါက ဗကပဥက္ကဋ္ဌ ကိုယ်တိုင် ကူမင်းမှာ အဲဒီအချိန်က KIA စစ်ဦးစီးချုပ် ဗိုလ်ဇော်မိုင်ကို ခေါ်ပြီး ပေးခဲ့တာလို့ သိကြရတာဖြစ်တယ်။ SSPP ကတော့ အိမ်ထောင်သည်တွေကို ဗကပဌာနချုပ် ဖြစ်တဲ့ ပန်ဆန်းမှာ လာပြီး ရွာတည်နေခွင့် ပေးခံခဲ့ရပါတယ်။ အမှန်အတိုင်းပြောရင် ဗကပကတဆင့် ပြန့်သွားတဲ့ တရုတ်လက်နက်တွေဟာ KNU မှအပ ကျန်လက်နက်ကိုင်တွေဆီ အနည်းနဲ့အများဆိုသလို ရောက်ရှိကုန်တာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဗကပကို ထိုးသွင်းခဲ့တဲ့ တရုတ် စွက်ဖက်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

တရုတ်ဘက်က ရရှိတဲ့အကျိုးကျေးဇူးတွေထဲမှာအပေါ်မှာ ပြောခဲ့တဲ့အချက်တွေအပြင် တရားဝင်အစိုးရနဲ့ တိုက်ရိုက်ထိတွေ့စရာမလိုတဲ့ သူ့ဩဇာခံကြားခံဇုန်တစ်ခု ဖန်တီးထားနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ‘ဝ’နယ်လို ဒေသတွေက ထွက်တဲ့ ခဲမဖြူ၊ မြေရှားသတ္တု စတာတွေကို ကမ္ဘာ့ပေါက်ဈေးထက် များစွာလျော့ကျတဲ့ ဈေးနဲ့ စာရင်းပျောက်၊ အင်းပျောက် ထုတ်ယူခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

အခု စစ်တပ်က အာဏာသိမ်းယူပြီး ၅ လကျော်ကာလအတွင်းမှာ တရုတ်ဘက်က တပ်မတော်ကို မသိမသာ ထောက်ခံလာရာက နောက်ဆုံး ချုံကင်းဆွေးနွေးပွဲမှာ သိသိသာသာ ထောက်ခံအားပေးတော့မယ်ဆိုတာကို ဖော်ပြခဲ့တာ ဖြစ်တယ်။ နိုင်ငံရေးအရဆိုရင် ဘာမှ ဖြစ်လာနိုင်စရာမရှိတဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ထောက်ခံသယောင်ပြပြီး တဘက်က စစ်ကောင်စီရဲ့ လမ်းပြမြေပုံ ၅ ချက်အတိုင်း သွားနေတာကို အားပေးအားမြှောက်ပြုနေတာပဲ ဖြစ်ပါတယ်။ တရားဝင်ကြေညာချက် ထုတ်ပြီး ထောက်ခံကြောင်း ပြောတာမဟုတ်တာတစ်ခုကလွဲလို့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ သိသိသာသာ အားပေးကူညီတော့မယ်ဆိုတာကို ပြောင်ပြောင်တင်းတင်း ပြောလာခဲ့ပြီ ဖြစ်တယ်။ ခြုံပြောရင် ရှေးဗမာဘုရင်တွေ လက်ထက်ကစပြီး ယခုချိန်အထိ တရုတ်နိုင်ငံဟာ မြန်မာ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေဆဲ ဖြစ်တယ်ဆိုတာပါပဲ။

ခက်ဝေနွေဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up