အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနက ဝန်ထမ်းတွေအား ယခင်အစိုးရလက်ထက်က ထုတ်ချေးပေးထားတဲ့ ကိုဗစ်ချေးငွေ ၂ လစာကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ပေးဆပ်ဖို့ ဖိအားပေးနေတယ်လို့ အလုပ်မှထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကိုဗစ်ချေးငွေ ၂ လစာကို ပြန်လည်ပေးဆပ်ဖို့ မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အလုပ်တာဝန်ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သမဝါယမဌာနမှ မြို့နယ်ဦးစီးမှူးတွေအပါအဝင် ဝန်ထမ်းဦးရေ ၈၀ ကို မေလ ၂၄ ရက်က ဒုတိယညွှန်ကြားရေးမှူး အိဖြူဖြူထွန်း လက်မှတ်နဲ့ ထုတ်ပယ်ထားတာပါ။
အဆိုပါအမိန့်ကို မကျေနပ်ပါက ထုတ်ပြန်တဲ့နေ့ကစပြီး ၆ လအတွင်း အထက်အဆင့်ဆင့်ကို အယူခံခွင့်ရှိတယ်လို့ ဆိုပါတယ်။