ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက မြို့မရဲစခန်းအတွင်း သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လပွတ္တာမြို့မရဲစခန်း အချုပ်မှာ ဆူပူမှုဖြစ်ပေါ်ခဲ့ရာကနေ ည ၉ နာရီခွဲလောက်မှာ သေနတ်သံ ၈ ချက်လောက်ထွက်ပေါ်လာတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယိ။
လပွတ္တာမြို့မရဲစခန်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတဦးက "တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး အချုပ်ခန်းမှာ ဆူပူမှုဖြစ်လို့ သေနတ်ဖောက်တာပါ၊ အပြင်မှာ သတင်းထွက်နေသလို စခန်းကို လာတိုက်တာလည်း မဟုတ်ပါဘူး'' လို့ DVB ကို ပြောပါတယ်။
လူသတ်မှုနဲ့ အချုပ်ကျနေတဲ့ တရားခံနဲ့ အခြားအချုပ်သားတွေ ပြသနာဖြစ်ရာကနေ အချုပ်ခန်းဆူပူမှုဖြစ်လို့ သေနတ်ပစ်ဖောက်ရတာဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
လပွတ္တာမြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး မြို့ပေါ်နေရာတော်တော်များများကို လုံခြုံရေးတင်းကြပ်ထားခဲ့သလို ရဲစခန်းထဲက သေနတ်သံကြားရတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။