Home
မြန်မာသတင်း
ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားနေ
DVB
·
June 25, 2021

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းအပါအဝင် အနီးအနားရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြတဲ့ ကလေးတွေမှာ အခုရက်ပိုင်းအတွင်း အရေပြားမှာ ယားနာတွေဟာ ခန္ဒာကိုယ်အနှံ့ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကလေးတွေမှာ အရေပြားရောဂါဖြစ်ပွားတာဟာ အခုရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ရေသန့်ရှင်းမှု မရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ဆီကို အကြောင်းကြားလာကတော့ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းပေါ့။ အဲဒီမှာ ကလေး ၁၀ ယောက်လောက်က အရေပြားမှာ ယားနာတွေ ပေါက်တာပေါ့၊ အများကြီးပဲပေါက်တယ်၊ တချို့ကလေးတွေမှာ အနည်းငယ်ပေါက်နေတဲ့သူတွေလည်းရှိတယ်လို့ ပြောကြပါတယ်၊ နောက်ပြီး တခြားအနီးအနားစခန်းတွေမှာလည်းပဲ အရေပြားရောဂါ အသေးစားလေးတွေ ဖြစ်နေတယ်လို့ သိရတယ်။ ကျွန်နော်တို့ ဘာကြောင့်ဖြစ်တယ်မှန်းတော့ တိတိကျကျမသိနိုင်သေးပါဘူး၊ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေရှိတာတွေကတော့ ဒီရက်ပိုင်းတွေမှာမိုးကြီးပြီးတော့ ရေပြည့်တာ၊ နောက်အဲဒါတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ရေမသန့်ရှင်းမှုတွေဖြစ်တာ ဒါတွေနဲ့ဆက်စပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ အရေပြားရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်စခန်းက ကလေးတွေကို နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနတွေက လာရောက်ကာ ဆေးကုသမှုတွေပေးနေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024