Home
မြန်မာသတင်း
မင်းကင်းတွင် တိုက်ပွဲနှစ်နေရာဖြစ်၊ စစ်ကောင်စီဘက်က ၁၉ ဦးနှင့် PDF ဘက်က ၁ ဦး ကျဆုံး
DVB
·
June 25, 2021

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သံပေါက်ရွာနဲ့ တခြားနေရာတခုတို့မှာ စစ်ကောင်စီ အကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် PDF တို့ ဇွန်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

မင်းကင်းမြို့နယ်က ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်နဲ့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ 

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဘက်ကသေဆုံးသူ စုစုပေါင်း ၁၉ ဦးရှိခဲ့ပြီး ဒေသခံ PDF ဘက်ကတော့ ၁ ဦးသာ ကျဆုံးခဲ့ကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

မင်းကင်းမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒေသခံ စစ်ကိုင်းတိုင်း PDF တို့ကိုတော့ ဆက်သွယ်ရာမှာတော့ မိမိတို့ကျဆုံးတာကိုတော့ အတည်ပြုနိုင်ပြီး ရန်သူဘက်က အရေအတွက် အတိအကျကိုတော့ မသိရဘဲ အလောင်းတွေ အမြောက်အမြား ကားပေါ်တင်သွားတာကို တွေ့ရှိရတယ်လို့ SPDF အဖွဲ့ဝင်တဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုထားပါတယ်။

တိုက်ပွဲကြောင့် ပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ စစ်ပွဲဖြစ်ပွားရာ အနီးက ရွာသားတွေက ပြောပါတယ်။

သံပေါက်အုပ်စုရွာသားတစ်ဦးက "ဒီနေ့မနက် ၉ နာရီလောက်မှာ ကျနော်တို့ ရွာအနီး မှာ စစ်---တွေနဲ့ ပြည်သူကာကွယ်ရေးမြို့နယ်ပေါင်းစုံ အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ဗျ။ အဲလိုတိုက်ပွဲဖြစ် သံပေါက်အုပ်စုအတွင်းက အိမ်ခြေ ၃၀၀ ကျော်နဲ့ သံပေါက်ရွာနဲ့ အနီးအနားက ကျေးရွာတွေအကုန်လုံး ပြေးနေရတယ်ဗျ။ လူဦးရေအနေနဲ့တော့ ၅၀၀၀ ကျော်တယ်။ မင်းကင်းမြို့နယ်အတွင်းက ကျေးရွာလူတွေရော ကနီမြို့နယ်အတွင်းကနေ အရင်နေ့ကစ တိုက်ပွဲဖြစ်လို့ ကျနော်တို့ရွာဘက်လာပြီး စစ်ဘေးရှောင်နေတာလေ။ သူတို့ပါ အခုပြေးရပြန်တယ်" လို့ ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့တွေလည်း စစ်ကောင်စီအကြမ်းဖက်တပ်ဘက်က အများအပြား ပါဝင်ကြတယ်လို့ မင်းကင်းနယ်မြေခံတွေက ပြောဆိုနေကြပါတယ်။

မင်းကင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024