ရုရှားလုပ်စက်သေနတ်များ ကမ္ဘာ့အကောင်းဆုံးဟု မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် ချီးမွမ်း

ရုရှားလုပ်အော်တိုစက်သေနတ်အသေးတွေက ကမ္ဘာမှာ အကောင်းဆုံးအဆင်မြင့်သေနတ်တွေ ဖြစ်တယ်လို့ မော်စကိုရောက် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြောကြားလိုက်ပါတယ်။

ရုရှားလုပ်စစ်လက်နက်ပြပွဲမှာ ဂျပန်အခြေစိုက် ANN သတင်းဌာန သတင်းထောက်ရဲ့မေးမြန်းမှုကို မြန်မာစစ်ခေါင်းဆောင်က ပြန်လည်ဖြေဆိုခဲ့တဲ့  ရုပ်သံကို ဇွန်လ ၂၄ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ မြန်မာနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေ သီးခြားတွေ့ဆုံဆွေနွေးမှုရှိခဲ့ကြပြီး အခုခရီးစဉ်မှာရုရှားနိုင်ငံကနေ စစ်လက်နက်အထောက်အပံ့တွေရယူဖို့ ကြိုးစားပုံရတယ်လို့ ဂျပန်ANNသတင်းမှာ သုံးသပ်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအကြီးတန်းအရာရှိတစ်ဦးနဲ့ လက်နက်ကုမ္ပဏီ တစ်ခုက အကြီးအကဲတို့ကို မော်စကိုမြို့မှာ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား မှာ ကြေညာခဲ့ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လုံခြုံရေးနဲ့ စစ်ရေးအတွက် ရုရှားနဲ့မြန်မာ  ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ရုရှားကို သွားရောက်ခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေအပေါ် နှိပ်ကွပ်နေတာတွေကြောင့် ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအပေါ် လက်နက်တွေဝင်ရောက်မှု တားဆီးဖို့ ဆုံးဖြတ်ချက်တစ်ခုကို မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်တို့ရဲ့ ဆက်ဆံရေးကို ပြသဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့  ရှုမြင်ရပါတယ်။

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှားသမ္မတရုံး အရာရှိတွေက တနင်္လာနေ့မှာ ကြေညာခဲ့ပြီး သူတို့နှစ်ဦးဟာ မြန်မာ့ပြည်တွင်းရေးမှာ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုအပါအဝင် အကြောင်းအရာ အမျိုးမျိုးနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကာ ရုရှားနဲ့ မြန်မာဟာ တခြား နယ်ပယ်အမျိုးမျိုးမှာလည်း ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

ကိုးကား-  ANN& NHK

Photo-CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up