Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီ စစ်ရာဇဝတ်မှုကျူးလွန်နေဟု NUG တရားရေးဌာန ကြေညာ
DVB
·
June 24, 2021

အခုရက်ပိုင်း မန္တလေးမြို့က လက်နက်ကိုင်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုတာဟာ  ဥပဒေနဲ့အညီ ဆောင်ရွက်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဇွန် ၂၄ ရက်မှာ  ထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ ဇွန် ၂၂ ရက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာဖိနှိပ်ရက်စက်မှုတွေကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်ခံစားနေကြရတဲ့  ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို  ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူလူထု ကိုယ်တိုင်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အကြားဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ၊ အင်အားအလွန်အကျွံ အသုံးပြု အကြမ်းဖက် ဆောင်ရွက်မှုတွေနဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အပြစ်မဲ့ပြည်သူလူထုအနေနဲ့ မိမိကိုယ်ကို ကာကွယ်ခုခံဖို့အတွက် လိုအပ်ရင် လိုအပ်သလို ပြန်လည်တုံ့ပြန်ဆောင်ရွက်ခြင်းဟာ ဥပဒေက ပေးအပ်ထားတဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးဖြစ်ပြီး အဆိုပါကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခြင်းဟာ ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ  စစ်ကောင်စီရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်တွင်းဥပဒေတွေနဲ့ နိုင်ငံတကာရာဇဝတ်မှု ဥပဒေတွေကို ချိုးဖောက် လုပ်ဆောင်နေတာမို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေအားလုံးအတွက် အကြမ်းဖက်စစ်ကောင်စီကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လနီးပါး ရှိလာခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဟာလည်း ခပ်စိပ်စိပ် ဖြစ်လာခဲ့တာပါ။

ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တွေ အပါအဝင် နယ်မြေဒေသအတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အရပ်သားတွေ ထိ ခိုက်သေဆုံးမှုတွေအပြင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း မြင့်တက် နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)ကလည်း လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေအပေါ် တတ်နိုင်တဲ့ဘက်က အကူအညီပေးအပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၈၇၇ ယောက် ကျဆုံးခဲ့ပြီး ပြည်သူ ၆၂၇၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024