လက်ရှိဖြစ်ပွားနေတဲ့ မန္တလေးမြို့က ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အရေးပေါ် တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် စစ်မက်ရေးရာ တင်းမာလာနေမှုကိုလည်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပြန်အလှန်တိုက်ခိုက်မှုမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က RPG လက်နက်ကြီး အသုံးပြုခဲ့ကြောင်း ရုပ်သံဗီဒီယိုတစ်ခု ဒီဗွီဘီက ရရှိခဲ့ပါတယ်။
ဒီဗီဒီယို အသေးစိတ်ကို အတည်မပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး ၂ ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်း တောက်နိုင်က ဒီဗွီဘီကို ပြောကြားထားပါတယ်။
စစ်ကောင်စီမီဒီယာတွေမှာတော့ PDF ဘက်က ၈ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ အစောင့်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်လုပ်ဗုံးနဲ့ထုပြီး သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတာကြောင့် အစောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။