မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
“အဲဒီ ပိုးတွေ့အတည်ပြုလူနာတွေဟာ တောင်တွင်းကြီးမြို့နယ်၊ သက်ကယ်ကျင်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအမျိုးသား ၁ ဦးနဲ့ အုန်းတော ၁ ရပ်ကွက်ထဲမှာ အိမ်ငှား နေထိုင်တဲ့ အမျိုးသမီး ၁ ဦးတို့က အနံ့ပျောက်ရာကနေ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။” ပြည်သူ့ဆေးရုံ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီအတည်ပြုလူနာ ၂ ဦးကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ သီးခြားအဆောင်မှာ စောင့်ကြပ်ကုသပေးနေပါတယ်။
အခု ရောဂါကူးစက်ရောဂါဖြစ်ပွားသူ ၂ ဦးဟာ တောင်တွင်းကြီးမှာ ကိုဗစ်-၁၉ တတိယလှိုင်းအစရဲ့ ပထမဆုံးကူးစက်ခံရသူတွေ ဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။