ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် လားရှိုးမြို့ ပြည့်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြသင်းကြူကုမ္ပဏီက လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ နေထိုင်မကောင်း ဖြစ်နေတဲ့အတွက် လားရှိုးပြည်သူ့ဆေးရုံမှာ သွားရောက်ပြသရာက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာပါ။
“ပိုးတွေ့တာ ကိုယ်ဝန်ဆောင်အမျိုးသမီးပါ။ နေမကောင်းဖြစ်နေတာ ၂ ပတ်လောက် ရှိနေပြီလို့ သိရတယ်။ နေမကောင်းလို့ ဆေးရုံသွားပြမှ positive ဖြစ်နေတယ်။ အခု ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသမီးရဲ့နေအိမ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ လျှပ်စစ်ရုံးကို ကျန်းမာရေးဌာနက လိုအပ်တဲ့ပိုးသတ်ဆေးဖြန့်တာ၊ ဝင်ထွက်သွားလာမှု ကန့်သတ်ထိန်းချုပ်တာ မရှိသေးဘူးလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။
စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ စီဘီဘဏ်မှာ လူစုလူဝေးနဲ့ ငွေထုတ်ယူဖို့ စောင့်ဆိုင်းနေရတဲ့သူတွေနဲ့ သိန္နီမြို့ခံပြည်သူတွေ ရောဂါကူးစက်မှာကို စိုးရိမ်နေကြပါတယ်။