Home
မြန်မာသတင်း
ရေနံမြေက အလုပ်ထုတ်ခံရတဲ့ CDM ဝန်ထမ်းများ အကူအညီလိုအပ်နေ
DVB
·
June 21, 2021

မကွေးတိုင်းအတွင်းမှာရှိတဲ့ ထောက်ရှာပင်၊ ထန်းကိုင်း၊ ရေနံမ ရေနံမြေက အာဏာဖီဆန် CDM မှာ ပါဝင်လို့ စစ်ကောင်စီက အလုပ်ကနေထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေဟာ နေထိုင်၊ စားသောက်ရေးအတွက်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတွေအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ''နောက်ဆုံးအချိန်ထိ တောင့်ခံနေကြတဲ့ CDM ဝန်ထမ်းတွေပေါ့။ အခုတော့ မရှိ ရှိတာလေးတွေရောင်းချပြီး အဆုံးထိ တောင့်ခံနေကြတယ်။ ထောက်ပံ့ကြေးငွေမရသေးသလို အလှူရှင်လည်း အရမ်းနည်းတယ်။ သူတို့အနေနဲ့က ထောက်ပံ့ကြေးကို‌မျှော်ကိုးပြီး CDM လုပ်ကြတာ မဟုတ်ပေမယ့် တတ်နိုင်တဲ့သူတွေအနေနဲ့ ကူညီပေးစေချင်ပါတယ်။' လို့ ပြောပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရသူတွေဆီကနေ ယခင်အစိုးရ ထုတ်ပေးခဲ့တဲ့ ချေးငွေ ၂ လစာကိုလည်း ပြန်လည်တောင်းခံနေတယ်လို့လည်း သိရပါတယ်။

''အခုဆိုရင် ကျွန်တော်တို့ကို အရင်အစိုးရဆီက ၂ လစာထုတ်ချေးထားတဲ့ငွေတွေကို တောင်းနေတယ်။ ကျနော်တို့က မပေးပါဘူး။ ပေးစရာလည်းမရှိဘူး။ NUG အစိုးရကလည်း ပြန်ပေးစရာမလိုဘူးလို့ ကြေညာထားပြီးသားလေ။ ကျနော်တို့က အကြမ်းဖက်စစ်ကောင်စီကို ကိုယ့်အစိုးရအဖြစ် အသိအမှတ်မပြုနိုင်ဘူး။ ဒါ့လည်း CDM လုပ်ကြတာပေါ့" လို့ အလုပ်ထုတ်ခံရသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ထောက်ရှာပင်၊ ထန်းကိုင်း၊ ရေနံမ ရေနံမြေက ဝန်ထမ်း ၄၅၉ ဦးနဲ့ ယာယီနေ့စား ၅၅ ဦး၊ စုစုပါင်း ၅၁၄ ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေကို မလိုက်နာတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှာ ရာထူးကထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024