စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဇွန်လ ၁၄ ရက် မနက် ၇ နာရီခွဲလောက်က ရွာသား ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး အမျိုးသား ၁ ဦး အသတ်ခံရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
စစ်တပ်သတင်းပေး ဒလန်လို့ နာမည်ကြီးနေတဲ့ မြင့်ဇော်ဆိုသူ အသတ်ခံရတာလို့ ကနီ ဒေသခံတဦးက ပြောပါတယ်။
“သူက စစ်တပ်ကို သတင်းတွေပေးလို့ အသတ်ခံရတယ်လို့တော့ ကြားတယ်။ မနေ့က ရွာကို စစ်တပ် လာတယ်။ စစ်တပ်က ခင်ဗျားတို့ရွာခံလူတစ်ယောက်က တိုင်လို့ ဒီရွာကို လာရတယ်။ အဲဒီတိုင်တဲ့သူဖုန်းကို သူတို့ ဆက်သွယ်လို့မရဘူးလို့ ရွာသားတဦးကို စစ်သားတယောက်က ပြောတယ်။ အဲဒီအချိန် ထွက်ပြေးတော့ အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းပြီး အသတ်ခံရတယ်လို့တော့ ကြားရတယ်။ ဘယ်အဖွဲ့က သတ်တယ်လို့တော့ ကျနော်တို့ မသိဘူးဗျ။ ဖမ်းခံရတာ တူဝရီးသုံးယောက်ပါ။ သေတာက မြင့်ဇော်” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ စစ်တပ်ကို သတင်းပေးတိုင်ကြားလို့ အဖမ်းခံရသူ သုံးဦးထဲက တစ်ဦး သေဆုံးကာ တစ်ဦး ပြန်လည်လွတ်မြောက်လာပြီး တစ်ဦးက သေသလား၊ ရှင်သလား မသိသေးဘဲ ပျောက်ဆုံးနေပါတယ်။