မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စက်သုံးဆီဆိုင်ဝင်းထဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံအနီးက ကောင်းကမ္ဘာဟိန်း စက်သုံးဆီဆိုင်ဝင်းထဲမှာ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီ ကောင်းကမ္ဘာဟိန်းစက်သုံးဆီ အရောင်းဆိုင်ဟာ ကျောင်းကုန်းကြီးကျေးရွာက ဦးဝင်းငွေ ပိုင်တဲ့ဆိုင် ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့အချိန်ဟာ အကြမ်းဖက်စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အချိန်ဖြစ်တာကြောင့် အခုပေါက်ကွဲမှုဟာ စစ်ကောင်စီနဲ့ အပေါင်းပါတွေရဲ့ လက်ချက်ပဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ဆည်တော်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက် ည ၁၁ နာရီကျော်လောက်ကလည်း စစ်မှုထမ်းဟောင်း ဦးတင်သောင်းရဲ့ လှိုင်ကော်ဖီဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခေါင်မိုးတချို့ ပျက်စီးခဲ့ပါတယ်။