စစ်အုပ်ချုပ်ရေးအဆက်ဆက်၏ အုပ်ချုပ်စီမံမှုနှင့် စစ်အာဏာသိမ်းမှု ၂လအကြာ မြန်မာ့စီးပွားရေး

စစ်ကောင်စီဥက္ကဋ္ဌက လေးလအတွင်း စီးပွားရေးတိုးတက်ပြောင်းလဲမှုတွေရှိလာသည်ဟု ပြောဆိုမှု သည် အတော်အံ့အားသင့်စရာဖြစ်သည်။ မပြောသင့်သည့် အရာလည်းဖြစ်သည်။ တနည်းအားဖြင့် ဆိုလျှင် စစ်ကောင်စီ၏ အုပ်ချုပ်စီမံမှု အရည်အသွေးနှင့် ပုံသဏ္ဍာန်ကို လှစ်ဟပြလိုက်ခြင်းပင် ဖြစ်သည်။ ခေတ်အဆက်ဆက် စစ်အစိုးရများ၏ အုပ်ချုပ်မှုပုံစံကိုလည်း ထင်ဟပ်စေသည်။ မဆလခေတ်က ပါတီဥက္ကဋ္ဌကြီးက ဂျီဒီပီ ၂ ဆတိုးခိုင်းသဖြင့် ဆပ်ပြာအရှည်များကို ၂ ပိုင်းခြမ်းလိုက်ခြင်းဖြင့် ဂျီဒီပီကို တိုးမြှင့်လိုက်ခြင်း အကြောင်းကြားခဲ့ရသည်။ နဝတ၊ နအဖခေတ်မှာလည်း ဂဏန်း ၂ လုံး (၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း)နှုန်းဖြင့် မြန်မာနိုင်ငံ ဂျီဒီပီသည် ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဟု စာရင်းဇယားများတွင် လိမ်ညာတင်ပြခဲ့ခြင်းသည်လည်း လူပြောစရာ ဖြစ်ခဲ့ရသည်။

စစ်အစိုးရခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု

၂၀ ရာစုသည် မြန်မာနိုင်ငံအတွက် ဆုံးရှုံးသွားသည့်ရာစုနှစ် Lost Century လို့တောင် ဆိုရမည်ဖြစ်  သည်။ ၁၉၀၀ ပြည်နှစ်မှ ၁၉၉၀ ပြည့်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းသည် ပျမ်းမျှနှစ်စဉ် ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုခုနှစ်များအတွင်း မြန်မာနိုင်ငံကတော့ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး တကမ္ဘာလုံး၏ ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ (per capita income) သည် ၄ ဆ တိုးတက်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ တစ်ဦးချင်း ဝင်ငွေတိုးတက်မှုနှုန်းသည် တန့်နေခဲ့သည်ဟု Mckinsey Global Institute က ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။ 

၁၉၉၀ ပြည့်နှစ်မှ  ၁၉၅၀ ပြည့်နှစ်အထိက ကမ္ဘာစစ်ကြီး ၂ ခုနှင့် အင်အားကြီးနိုင်ငံများ စီးပွားပျက်ကပ်ကြီးနှင့် ကြုံတွေ့ခဲ့ရသည့် အချိန်ကာလဖြစ်သဖြင့် တကမ္ဘာလုံး၏ တိုးတက်မှုနှုန်းသည် နှေးကွေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီး ၁၉၅၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ် အတွင်းသည် အာရှနိုင်ငံများအတွက် ဖွံ့ဖြိုးမှု အမြင့်မားဆုံး အချိန် ကာလဟုဆိုနိုင်သည်။ ၂၀၀၈ ခုနှစ်က နိုဘယ်စီးပွားရေးဆုရှင် ၂ ဦးပါဝင်သည့် Growth Commission မှ ထုတ်ပြန်ခဲ့သည် “Growth Report: Strategies for Sustained Growth & Inclusive Development”  အစီရင်ခံစာ၌ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း  ဝင်ငွေနည်းနိုင်ငံအဆင့်မှ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပြီး ဝင်ငွေအလယ်အလတ် (သို့) ဖွံ့ဖြိုးပြီး ချမ်းသာသည့်နိုင်ငံများအဆင့်သို့ ရောက်ရှိသွားသည့် နိုင်ငံပေါင်း ကမ္ဘာပေါ်တွင် ၁၃ နိုင်ငံသာရှိရာ ထိုအထဲတွင် အများစု ၉ နိုင်ငံမှာ အာရှနိုင်ငံများ ဖြစ်ကြသည်။ အာရှကျားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အံ့မခန်းအဖြစ် မှတ်တမ်းတင်၍ စာတမ်းပေါင်းများစွာကိုလည်း ပညာရှင်များက လေ့လာရေးသားခဲ့ကြသည်။

ယခုအခါတွင်လည်း အာရှတိုက်သည် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံး နေရာဒေသဖြစ်လျက် ရှိနေပြီး ၂၁ ရာစုကို အာရှခေတ် (Asian Century) ဟုပင်တင်စား ခေါ်ဝေါနေကြသည်။ ထိုအချိန်တွင် မဆလခေတ် မြန်မာနိုင်ငံကတော့ ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Countries-LDC)အဆင့်သို့ဆိုက်ရောက်ခဲ့ရသည်။

အလားတူပင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည်နှစ်များအတွင်း နဝတ၊ နအဖ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလများတွင်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာရှနိုင်ငံများက ဂျီဒီပီ နှစ်စဉ် ၆ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးတိုးတက်နေသည့်အချိန် မြန်မာနိုင်ငံကတော့ ၄ ဒသမ ၇ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဟု Mckinsey Global Institute က တင်ပြထားပြီး တစ်ဦးချင်း ဝင်ငွေသည်လည်း အခြားအာရှနိုင်ငံများ၌ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နေသည့်အချိန် မြန်မာနိုင်ငံကတော့ ၂ ဒသမ ၇ ရာခိုင်နှုန်းသာတိုးတက်ခဲ့သည်။ 

၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခြင်းသည်လည်း ကုန်ထုတ်စွမ်းအား တိုးတက်လာ၍မဟုတ်ဘဲ အလုပ်သမားဦးရေ များပြားလာခြင်းကြောင့်ဟုဆိုသည်။ အဓိပ္ပာယ်မှာ ရွှေ့ပြောင်းလုပ်သားများ၊ ကလေးလုပ်သားများ အစရှိသည့် မိသားစု စားဝတ်နေရေး ကျပ်တည်းလာသဖြင့် အိမ်ရှိလူ ကလေး လူကြီးမကျန် ထွက်၍ ရရာ အလုပ်လုပ်ရသဖြင့်သာ တိုးတက်လာခြင်းဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များ၊ အိမ်ဖော်များ၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများ၊ အိမ်နီးချင်း ထိုင်းနှင့် မလေးရှားတို့တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အောက်ခြေသိမ်း အလုပ် လုပ်ကိုင်ရသူ အရေအတွက်များလာခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ ကျောင်းနေအရွယ် လူငယ်လူရွယ်များ အလုပ်ထွက်လုပ်ရခြင်းသည်လည်း တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေသည်။

နဝတ၊ နအဖခေတ်တွင် ဆင်းရဲချမ်းသာ ကွာဟမှု အလွန်အမင်း ကြီးမားလာသလို အဂတိလိုက်စားမှုကလည်း အစိုးဌာနများအတွင်း အောက်ခြေမှသည် အထက်အဆင့်ဆင့်ထိ institutionalized ပုံမှန်  ထမင်းစားရေသောက် ဖြစ်လာခဲ့သည်။

အုပ်ချုပ်စီမံမှုတွင်လည်း ညံ့ဖျင်းသည်ကို အထူးသက်သေပြစရာမလိုပေ။ ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကို ဖြတ်ကူးသည့် ညောင်တုန်းတံတား ၂ စင်းကို မြင်ရုံဖြင့် သိနိုင်သည်။ တံတား ၁ စင်းသာ လိုသည့်နေရာ၌  ၂ စင်းထိုးထားခြင်းမှာ နိုင်ငံတော်ဘဏ္ဍာကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။ ပထမတစင်း တည်ဆောက်စဉ်ကတည်းက ရထားလမ်းကိုပါ ထည့်သွင်းထားပါက ၂ စင်း တည်ဆောက်စရာမလိုချေ။ အလားတူပင် ယခုအခါ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြင်တွေ့နေရသည့် လူစီးအင်မတန်နည်းပြီး ရထားလည်း မသွားတော့သည့်  ရထားလမ်းများ ဖောက်လုပ်ထားခြင်း ဖြစ်သည်။ 

၁၉၉၀-၂၀၁၀ ပြည့်နှစ်အတွင်း တိုင်းပြည်၏သယံဇာတများ မြောက်မြားစွာ ထုတ်လုပ်ရောင်းချခြင်းကို ပြုလုပ်ခဲ့သော်လည်း ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းများကတော့ လွန်စွာနိမ့်ကျသွားခဲ့သည်။ ဆင်းရဲမှုနှုန်းသည်လည်း ၂၀၀၅ ခုနှစ်၌ ၄၈ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။ စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့်ဆက်စပ်သည့် ခရိုနီများသာ ဒေါ်လာ ဘီလီယံထောင်ချီ ချမ်းသာသွားခဲ့ကြသည့် စစ်အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ တိုင်းပြည်မှာတော့ မွဲပြာကျခဲ့ရသည်။

ယခု စစ်ကောင်စီတက်ပြီး ၂ လ အကြာတွင်ပင် ဆင်းရဲမှုနှုန်းသည် ၂၆ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းကျော် ပြန်မြင့်တက်သွားတော့မည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ဧပြီလက ထုတ်ပြန်သည့်  အစီရင်ခံစာတွင် ခန့်မှန်းထားသလို အခြားနိုင်ငံတကာအဖွဲ့အစည်းများကလည်း ဆင်းရဲမှုနှင့်အတူ လူပေါင်း ၃ သန်းကျော်ထိ ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံတွေ့ရနိုင်ကြောင်း ပြောဆိုရေးသားနေပြီ ဖြစ်သည်။  

နိုင်ငံခြားကုန်သည်ကြီးများအသင်းများက ပြုလုပ်ခဲ့သည့် စစ်အာဏာသိမ်းမှုအပြီး စီးပွားရေးအခြေအနေကို ဆန်းစစ်ထားသည့် စစ်တမ်းတစ်စောင် ပြီးခဲ့သည့် ဧပြီလက ထွက်ရှိခဲ့ပြီး အဆိုပါစစ်တမ်း၌ ၂၀၂၀ ပြည့်နှစ်က  ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးအခြေအနေနှင့် စစ်အာဏာသိမ်းမှုအပြီး ၂ လကြာ ထိခိုက်သွားသည့် စီးပွားရေးအခြေအနေ ၂ ခုကို နှိုင်းယှဉ်ပြထားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ဘေးသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအားလုံး (စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ကုမ္ပဏီပေါင်း ၃၀၀ကျော်) ကို ထိခိုက်စေသော်လည်း လုပ်ငန်းများအားလုံး ပိတ်သိမ်းလိုက်ရသည့်ကုမ္ပဏီအရေအတွက်သည် အင်မတန်နည်းပါးသည်ဟု ဆိုထားသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင်သာ ပိတ်သိမ်းလိုက်ရသည့် ကုမ္ပဏီများရှိသည်ဟု တင်ပြထားသည်။ ကုမ္ပဏီများအများစုသည် ဝန်ထမ်းလျှော့ချမှုများကို တတ်နိုင်သ၍ မပြုလုပ်ဘဲ နဂိုဝန်ထမ်းဦးရေအတိုင်း ထားရှိခဲ့သည်။ လစာလျှော့ပေါ့မှုကိုလည်း အနည်းဆုံးဖြစ်အောင် ကြိုးပမ်းခဲ့သည်။ 

ထို့ပြင် ကုမ္ပဏီအများစုသည် ၂၀၂၁ ခုနှစ် ဇန်ဝါရီလနောက်ပိုင်းတွင် လုပ်ငန်းများကို နဂိုအတိုင်း ပြန်လည်ဖွင့်လှစ်ရန်နှင့် တိုးချဲ့ရန်ပင် ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း အဆိုပါစစ်တမ်း၌ ဖော်ပြထားသည်။ ထိုအစီအစဉ်အားလုံးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံးဝ ပျက်သုဉ်းသွားပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုများရှိသော်လည်း အဓိကကဏ္ဍကြီး ၂ ခုဖြစ်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ၂ ခုကိုသာ ကြီးစွာထိခိုက်စေခဲ့သည်။ ထို့အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ကြီးစွာ မထိခိုက်ကြောင်း အဆိုပါစစ်တမ်းက တင်ပြထားသည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီး ၂ လအကြာမှာတော့ ကဏ္ဍပေါင်းစုံကို ကြီးစွာထိခိုက်သွားပြီ ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကြောင့် ထိခိုက်ရမှုထက် စစ်အာဏာသိမ်းမှုက ၂ လအတွင်းမှာ ပင်ပိုမိုထိခိုက်သွားပြီဖြစ်ကြောင်း စစ်တမ်းက ရေးသားဖော်ပြထားသည်။

အဓိကကွာခြားချက်ကတော့ အလုပ်အကိုင်များကို ထိခိုက်သွားခြင်းဖြစ်သည်။ ကုမ္ပဏီအများစုသည် ဝင်ငွေရရှိမှု ရပ်တန့်သွားပြီဖြစ်သလို လုပ်ငန်းများကိုလည်း ပိတ်သိမ်းရတော့မည် ဖြစ်သည့်အတွက် ဝန်ထမ်းအင်အား လျှော့ချမှုပြုလုပ်နေရပြီ ဖြစ်သည်။ အထူးသဖြင့် စက်တင်ဘာလကုန်ပြီးနောက် တိုင်းပြည်တည်ငြိမ်မှုမရှိပါက ဝန်ထမ်းအင်အား အများစုကို လျှော့ချရတော့မည် ဖြစ်သည်။ 

စစ်တမ်း၏ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်ရမှုနှင့် စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်ရမှုက မြန်မာနိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဆိုးဝါးစွာ ထိခိုက်သွားပြီဖြစ်ကြောင်း တင်ပြထားမှုနှင့်အတူ အလုပ်လက်မဲ့ဦးရေလည်း အောက်ခြေအဆင့်တွင်သာမကတော့ဘဲ လူလတ်တန်းစားထဲတွင်လည်း များပြားလာတော့မည် ဖြစ်သည်။ ရှေ့အလားအလာကလည်း ပိုမိုဆိုးဝါးသွားရန်သာ ရှိတော့သလို ဖြစ်နေသည်။

အဆိုပါစစ်တမ်းအပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး လက်လီအ ရောင်းဆိုင်များအား ပြုလုပ်ထားသည့် စစ်တမ်းတစ်ခုအရလည်း ယခင်နှစ်ကထက် ရောင်းအား ကျဆင်းသွားကြောင်း သိရှိရသည်။ အကျိုးဆက်အားဖြင့် ယခုလာမည့် မိုးစပါးထွက်နှုန်း ကျဆင်းသွားမည် ဖြစ်ပြီး အခြားသီးနှံထွက်နှုန်းများလည်း ကျဆင်းသွားမည်ဖြစ်သည်။ ထိုအခါမှာ စားသောက်ကုန်များ ကုန်ဈေးနှုန်းမြင့်တက်လာမှုကို ကြုံတွေ့ရမည်။

ဆုံးရှုံးနစ်နာသွားသည့် ကိုဗစ်အလွန် စီးပွားရေးနာလန်ထမှု

ကိုဗစ်ကြောင့်ကို မြန်မာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၌ အထက်ပါ စစ်တမ်းက ဖော်ပြထားသလို  အတော်ချည့်နဲ့နေပြီဖြစ်ပြီး အင်မတန်ဂရုတစိုက် ကိုဗစ်ကုစားမှုအစီအစဉ်များကို အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံသည် မှန်ကန်သည့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိမည်ဖြစ်သည်။ အခုတော့ စစ်အာဏာသိမ်းမှုကို ထိုမျှော်လင့်ချက်များကို ရိုက်ချိုးလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် မတိုးတက်သည့်အပြင် အထက်တွင် တင်ပြထားသလို ဆင်းရဲမှုနှုန်း မြင့်မားလာခြင်းနှင့်အတူ လူမှုစီးပွားအခြေအနေများ ဆုတ်ယုတ်တော့မည် ဖြစ်သည်။

ကိုဗစ်ကြောင့် ထိခိုက်မှုများကို ကုစားရာ၌ အဓိကလိုအပ်ချက်မှာ နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီ ဖြစ်သည်။ လက်ရှိအချိန်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုသည် ပပျောက်သွားသေးသည်မဟုတ်ဘဲ ယခုဆိုလျှင် အိမ်နီးချင်းနိုင်ငံများမှာလို မြန်မာနိုင်ငံမှာလည်း တတိယလှိုင်း စတင်နေပြီဖြစ်သည်ကို နေ့စဉ်ကူး စက်မှုနှုန်း မြင့်တက်လာခြင်းကို ကြည့်လျှင်သိနိုင်သည်။ 

ကိုဗစ်ရှိနေသရွေ့ ထိုနိုင်ငံ၏ စီးပွားရေးသည်လည်း မည်သို့မှ ပုံမှန်လည်ပတ်နိုင်မည် မဟုတ်ချေ။ ကိုဗစ်ကူးစက်ရောဂါကို နိုင်ငံတွင်းမှ အပြီးသတ် မောင်းထုတ်ရန် တစ်ခုတည်းသော နည်းလမ်းသာ ရှိသည်။ ယင်းမှာ အမြန်ဆုံး နိုင်ငံသားအားလုံးနီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေအနည်းငယ်သာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဖြစ်သည်။ အများစုမှာ မထိုးရသေးသဖြင့် တတိယလှိုင်းပြင်းထန်ပါက ကျန်းမာရေးစောင့်ရှောက်မှုယန္တရား ပြိုလဲနေသည့် မြန်မာနိုင်ငံတွင် အသေအပျောက် များပြားနိုင်သည်။ အင်မတန် အန္တရာယ်ကြီးမားနေပြီး ပြည်သူလူထုသည် ကိုယ့်အားကိုယ်ကိုးရုံသာ ရှိတော့သည်။ 

အမေရိကန်သမ္မတဘိုင်ဒင်၏ ကိုဗစ်ဆေးသန်း ၅၀၀ ဖွံ့ဖြိုးဆဲနိုင်ငံများကို လှူဒါန်းမည့် အစီအစဉ်တွင်လည်း မြန်မာနိုင်ငံ မပါဝင်တော့နိုင်သလို နိုင်ငံတကာ Covax-ACT(Accelerator) အစီအစဉ်မှ လိုအပ်နေသည့် ကိုဗစ်ကာကွယ်ဆေးများကို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူအားလုံး ထိုးနှံနိုင်ရန် ဒေါ်လာဘီလီယံ ၅၀ ဂျီ-၇ နိုင်ငံများမှ တောင်းခံရရှိပြီးလျှင်လည်း စစ်ကောင်စီ ရရှိနိုင်မည်မဟုတ်သဖြင့် မြန်မာပြည်သူများအတွက်  လမ်းလှမ်းမမီ ဖြစ်နေမည်။

ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကြားဝင်စီစဉ်ပေးနိုင်မှသာ မြန်မာပြည်သူများ ၂၀၂၂ ခုနှစ်အကုန်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်မည် ဖြစ်သည်။ စစ်ကောင်စီကလည်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏  ကြားဝင်ဆောင်ရွက်မှုကို လက်ခံရန်လိုအပ်သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Kristalina Georgieva က “Great Divergence: A Fork in the Road for the Global Economy” အမည်ဖြင့် စာတမ်းငယ်တစ်စောင် ဖေဖော်ဝါရီလက ရေးသားခဲ့ပြီး ဖွံ့ဖြိုးပြီးချမ်းသာသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကိုဗစ်အလွန် စီးပွားရေးနာလန်ထမှု ကွာခြားသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ကွာခြားမှုက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မည်ဟု ထောက်ပြထားခဲ့သည်။ 

အဓိကကွာခြားချက်မှာ ချမ်းသာသည့်နိုင်ငံအစိုးရများသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကုစားမှု အစီအစဉ်များအတွက် ဂျီဒီပီ၏ ၂၄ ရာခိုင်နှုန်းထိ သုံးစွဲနိုင်သော်လည်း ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများကတော့ ၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်၍ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ချမ်းသာသည့်နိုင်ငံများသည် ယခု ၂၀၂၁ ခုနှစ်မှာပင် ယင်းတို့၏ နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နိုင်မည် ဖြစ်သည်။ 

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အစိုးရအသုံးစရိတ်မြှင့်တင်နိုင်ရေး (အထူးသဖြင့် အခြေခံ အဆောက်အအုံစီမံကိန်းများနှင့် လူမှုထောက်ပံ့မှုအစီအစဉ်များအတွက်)နှင့် နိုင်ငံသားအားလုံးကို အမြန်ဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဖြစ်သည်။

ထိုသို့ မဆောင်ရွက်နိုင်ပါက အလုပ်လက်မဲ့ဦးရေ မြင့်မားလာမည်ဖြစ်သလို ဆင်းရဲမှုနှုန်းလည်း တိုးပွားလာမည်ဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို နှစ်ပေါင်းများစွာ ထိခိုက်သွားမည်ဖြစ်သည်။ 

ထို့အတွက်ကြောင့်လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ယင်း၏ Special Drawing Rights (SDR)မှ အမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံထုတ်ယူခွင့် တောင်းဆိုနေပြီး ထိုငွေမှအများစုကို အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ထောက်ပံ့ကူညီမှု အစီအစဉ်များအတွက် သုံးစွဲရန် စီစဉ်နေသည်။ 

ယခုတော့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်ကာကွယ်ဆေး နိုင်ငံသားအများစုကို အလျင်မြန်ဆုံး ထိုးနှံပေးနိုင်ရန် ရရှိနိုင်သည့် နိုင်ငံတကာ အကူအညီများနှင့်လည်း အလှမ်းကွာသွားပြီ ဖြစ်သလို စီးပွားရေားနလန်ထမှုအတွက် အကောင်အထည်ဖော်ဆောင်ရမည့် အခြေခံအဆောက်အအုံနှင့် လူမှုထောက်ပံ့မှု အစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များအတွက် နိုင်ငံတကာ အကူအညီများဖြင့်လည်း ဝေးကွာသွားပြီ ဖြစ်သည်။

၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာရေးနှစ်မှာပင် နိုင်ငံတကာက ရွေးကောက်ခံအစိုးရကို ပေးအပ်ရန် စီစဉ်ထားသည့် ဘီလီယံ ၃၀၀၀ ခန့်ရှိသည့် အကူအညီများလည်း မရရှိတော့သဖြင့် မြန်မာနိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးသွားရပြီ ဖြစ်သည်။ 

အချုပ်အားဖြင့်ဆိုရလျှင် စစ်အုပ်ချုပ်ရေးအဆက်ဆက်နှင့် စစ်အာဏာသိမ်းမှုများသည် တိုင်းပြည်၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေကြောင်းနှင့် စစ်အုပ်ချုပ်ရေး ရှိနေသမျှ ပြည်သူအများစုသည် ဆင်းရဲမှု ဝဲဂယက်ထဲ နစ်မြုပ်နေရဦးမည် ဖြစ်သည်။

ခိုင်ဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up