တရုတ်နိုင်ငံအတွက် ဓာတ်အားပို့လွှတ်မယ့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဒုဋ္ဌဝတီ(မြစ်ငယ်) မြစ်ပေါ်က အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဆက်လက်တည်ဆောက်နေ ပါတယ်။
ဒီစီမံကိန်းတွေကို ၂၀၁၀ ပြည့်နှစ်မတိုင်မီ စစ်အုပ်ချုပ်ရေးကာလက ဆောက်လုပ်ခွင့်ပြုခဲ့တာ ဖြစ်ပြီး တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ ပြင်သစ်ကုမ္ပဏီတွေက တည်ဆောက်နေတာ ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ပေးရာမှာ ပြည်သူလူထုတွေကို စီမံကိန်းနဲ့ပတ်သက်ပြီး အသိပေးတာ ညှိနှိုင်းဆောင်ရွက်တာ မရှိခဲ့ပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အခုတည်ဆောက်နေတဲ့ အထက်ရဲရွာရေအားလျှပ်စစ် အပါအ၀င် ဒုဋ္ဌဝတီ(မြစ်ငယ်) မြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၅ ခု တည်ဆောက်သွားမှာပါ။ အဲဒီထဲက ရဲရွာရေအားလျှပ်စစ်စီမံကိန်း မီဂ္ဂါ၀ပ် ၇၉၀ ကတော့ ၂၀၁၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ကျန်တဲ့စီမံကိန်း ၄ ခုကတော့ မန္တလေးအတွင်းက ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း မီဂ္ဂါ၀ပ် (၆၀)၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက နောင်ချိုမြို့နယ် အလယ်ရဲရွာ စီမံကိန်း မီဂ္ဂါ၀ပ်(၇၃၅)၊ ကျောက်မဲမြို့နယ် အထက်ရဲရွာစီမံကိန်းမီဂ္ဂါ၀ပ် (၂၈၀) နဲ့ သီပေါမြို့နယ် မိုးတေရေကာတာ စီမံကိန်းမီဂ္ဂါ၀ပ် (၂၁၀) တို့ ဖြစ်ပါတယ်။
ဒုဋ္ဌဝတီ(မြစ်ငယ်)မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတွေကနေ ထွက်ရှိလာမယ့် ဓာတ်အားတွေထဲက ရာခိုင်နှုန်း ၉၀ ကို တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို ပို့လွှတ်မှာဖြစ်ပါတယ်။
ဒီစီမံကိန်းတွေကြောင့် သဘာ၀ပတ်၀န်းကျင်တွေ လယ်ယာစိုက်ပျိုးခြံတွေနဲ့ ကျေးရွာတွေ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ပါတယ်။
ဒါ့အပြင် စီမံကိန်းအတွက် ရေကာတာတည်ဆောက်လို့ ရေဝပ်ဧရိယာဖြစ်သွားမယ့် နေရာတွေအတွင်းမှာလည်း ဒေသခံတွေရဲ့ သမိုင်းအမွေအနှစ် စေတီပုထိုးတွေ ဘုရားကျောင်းကန်တွေနဲ့ ဒေသခံ တစ်ထောင်ကျော်ရဲ့ လူနေအိမ်တွေ ပါ၀င်သွားမှာ ဖြစ်ပါတယ်။
ဒီအတွက်လည်း နစ်နာကြေးနဲ့ အခြားအစားထိုးဆောင်ရွက်ပေးတာ ဘာမှမရှိသေးပါဘူး။ ဒီလို ပွင့်လင်းမြင်သာမှုလည်း မရှိလို့ ဒေသခံပြည်သူတွေက အစိုးရအဆက်ဆက်ကို စဉ်ဆက်မပြတ် ကန့်ကွက်နေခဲ့ကြတာပါ။
ဒီကန့်ကွက်မှုတွေကြားမှာပဲ အကြမ်းအာဏာသိမ်းစစ်ကောင်စီက ရေအားလျှပ်စစ်စီမံကိန်းတွေ၊ သတ္တုတူးဖော်ရေးစီမံကိန်းတွေအပြင် အခြားစီမံကိန်းတွေကိုပါ မရပ်နားဘဲ တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ- ခွန်ဇော်ဦး