Home
မြန်မာသတင်း
ဒလန်အမျိုးသမီးကို ပစ်ခတ်ခဲ့မှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁ ဦး စစ်ကြောရေးတွင် သေဆုံး
DVB
·
June 14, 2021

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့က ဒလန်လို့လူသိများတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့မှုမှာ  သံသယရှိသူအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား တစ်ဦးဟာ စစ်ကြောရေးမှာ ရိုက်နှက်ညှဉ်းပန်းခံရပြီး သေဆုံးသွားတယ်လို့ တောင်သာမြို့ခံတွေထံက သိရပါတယ်။

ဇွန် ၁၃ ရက် နေ့ခင်း ၁ နာရီကျော်လောက် တောင်သာက ယွန်းယွန်း လျှပ်စစ်ပစ္စည်းဆိုင်ထဲကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ လူငယ်နှစ်ယောက် ဝင်လာပြီး  စစ်တပ်သတင်းပေး ဒလန်လို့ လူသိများတဲ့ ဆိုင်ရှင်မနှင်းကို သေနတ်နဲ့ ပစ်ခတ်ကာ ပြန်လည်ထွက်ပြေးသွားခဲ့တာပါ။

သေနတ်နဲ့ အပစ်ခံရတဲ့ အမျိုးသမီးဟာ ဝမ်းဗိုက်ကို ကျည်ရှပ်မှန်သွားခဲ့ပြီး ဒဏ်ရာစိုးရိမ်ရတာကြောင့်  မိတ္ထီလာ စစ်ဆေးရုံကနေ ဆက်ကာ နေပြည်တော်အထိ ပို့‌ဆောင် ကုသပေးနေကြတယ်လို့လည်း သိရပါတယ်။

အဆိုပါသေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တောင်သာမြို့နယ် ရုံးပင်ကျေးရွာနဲ့အနီးအနား ကျေးရွာတွေကို စစ်တပ်နဲ့ ရဲတွေ ညတွင်းချင်း ဝင်ရောက်ရှာဖွေပြီး သေနတ် ပစ်ဖောက်ခဲ့ကြပါတယ်။ 

အဲဒီနောက် ရုံးပင်ကျေးရွာသားတစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်းနဲ့ အင်းတဲ ကျေးရွာသား တစ်ဦးကိုတော့ သေနတ်ပစ်ခတ်မှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ 

“လုပ်တဲ့သူက အတည်မပြုနိုင်ဘူး။ သူတို့ လုံးဝမဟုတ်ဘူး”လို့ တောင်သာမြို့ခံက ပြောပါတယ်။

အဖမ်းခံရတဲ့ အင်းတဲကျေးရွာနေ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားကို တောင်သာမြို့က ထောက်လှမ်းရေးရုံးမှာ စစ်ကြောရေး လုပ်ဆောင်ရာနေရာမှာ ရိုက်နှက်မေးမြန်းခဲ့ပြီး အဆိုပါအမျိုးသားဟာ ညတွင်းချင်း သေဆုံးသွားတာကြောင့် တောင်သာ‌ဆေးရုံရှိ ရင်ခွဲရုံကို ‌ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“တောင်သာ ထောက်လှမ်းရေးရုံးထဲမှာပဲ စစ်တာ၊ ရိုက်နှက်သံတွေက လမ်းပေါ်ကနေကို ကြားရတယ်။ ခဏနေတော့ သေသွားပြီဆိုပြီး သတင်းထွက်လာတာ၊ သေမှပဲ ဆေးရုံတင်တယ်တဲ့။ သေပြီးမှပဲ ရင်ခွဲရုံပို့လိုက်တယ်လို့ ပြောတယ်” လို့ တောင်သာမြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့  ဒီနေ့ နေ့လည်ပိုင်း အထိ မိသားစုကို ပြန်မပေးသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024