စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကယားပြည်နယ်မှာ မတ်လ ၁၉ ရက်မှ ဇွန်လ ၁၁ ရက်အထိ ကျဆုံးခဲ့ရသူပေါင်း အနည်းဆုံး အယောက် ၅၀ ရှိတယ်လို့ UKSY ကရင်နီပြည်လူငယ်များသမဂ္ဂက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေအထဲမှာ ဒီးမော့ဆိုမြို့နယ်မှ ၂၈ ဦး၊ လွိုင်ကော်မြို့နယ်မှ ၁၇ ဦး၊ ဘော်လခဲမြို့နယ်မှ ၁ ဦး၊ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ ၃ ဦးနဲ့ ဖယ်ခုံမြို့နယ်မှာ ၁ ဦးတို့ ပါဝင်ပါတယ်။
သူတို့ထဲမှာ သပိတ်စစ်ကြောင်းဖြိုခွင်းလို့ ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခံရတာ၊ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားရင်း အကြောင်းမဲ့ အပစ်ခံရတာ၊ ဘုရားရှိခိုးကျောင်းတွေမှာ စစ်ဘေးရှောင်ခိုလှုံစဉ် လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ စစ်ဘေးရှောင်တွေကို ရိက္ခာသွားပို့စဉ် အပစ်ခံရတာ၊ ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်စဉ် အပစ်ခံရတာ၊ အိမ်ထဲဝင်ပြီး အကြောင်းမဲ့ ပစ်သတ်တာ၊ တိုက်ပွဲမှာ ထိခိုက်ကျဆုံးသွားခဲ့ရသူတွေ ပါဝင်ပါတယ်။
ဇွန်လ ၁၁ ရက် တစ်ရက်တည်းမှာတင် အကြမ်းဘက်စစ်တပ်က ပြည်သူ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ ကယားပြည်သမိုင်းမှာ လူအများဆုံး သတ်ဖြတ်ခံရတဲ့နေ့ တနေ့ဖြစ်တယ်လို့ ဆိုပါတယ်။
အခုရရှိထားတဲ့ ကျဆုံးသူ အယောက် ၅၀ ဟာ စာရင်းအတိအကျရရှိထားတာဖြစ်ပြီး နောက်ထပ် စာရင်းမရသေးဘဲ သေဆုံးသူတွေလည်း ရှိနိုင်တာဖြစ်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကလည်း တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်တွေက ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာမှာ လုံခြုံရေးယူနေတဲ့ အရပ်သားလူငယ်တွေကို စစ်တပ်က ဖမ်းဆီးခဲ့သလို နန်းဖယ်ခုံမြို့နယ် ကျွန်းတောရွာက ရွာသား ၆ ယောက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျွန်းတောရွာ၊ ဝါးတောခူရွာသစ်ဘက်က ပြည်သူတွေကိုလည်း စစ်ဆေးခြိမ်း ခြောက်တာတွေလုပ်ခဲ့လို့ ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ မိုးဗြဲ မှာလည်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမယ့်ရိက္ခာတင်ကားကို မီးရှို့ဖျက်ဆီးကာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်လို့ ယူဆရတဲ့နေရာတွေ ကျေးရွာတွေကို စစ်ကြောင်းထိုး နေတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယားပြည်နယ်တဝန်းမှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁ သိန်းကျော် တောတောင်ထဲမှာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ဆေးဝါးအခက်အခဲတွေကြုံနေရကာ လသားအရွယ်နဲ့ ရက်သားအရွယ်ကလေးငယ် ၂ ဦး ဆေးဝါးမလုံလောက်လို့ အသက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ပူပန်စရာတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။