ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး ကေအိုင်အေကို ခုခံတိုက်ခိုက်ဖို့ ကျေးရွာအများအပြားမှာ ၃ ရက်ကြာ စစ်သင်တန်းတွေ ပေးနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးကပြောပါတယ်။
ဇွန်လဆန်းပိုင်းက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူတာအိုကျေးရွာအများအပြားက ဒေသခံပြည်သူတွေကို ကေအိုင်အေကို တိုက်ခိုက်ဖို့ဆိုပြီး စစ်သင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ပူတာအိုခရိုင်မှာ မေလကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေပြီး နောက်ပိုင်းမှာ ခုလို စစ်ကောင်စီက စစ်သင်တန်းတွေ ရက်တိုဖွင့်လာတာဖြစ်ပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း လိုအပ်ရင် ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်တယ်လို့ ဇွန်လ ၁၂ ရက်နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေမှာလည်း အလုပ်အကိုင်မရှိတဲ့ အသက် ၁၈ နှစ် ကျော် စစ်သား သားသမီးတွေကို ရက်တို စစ်သင်တန်းတွေ ပို့ချနေပါတယ်။