Home
မြန်မာသတင်း
လျှပ်စစ်သုံး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ပိုမိုတင်သွင်းရန် စစ်ကောင်စီ စီစဉ်
DVB
·
June 11, 2021

လျှပ်စစ်သုံးမော်တော်ယာဉ်တွေ၊ စကူတာမော်တော်ဆိုင်ကယ်တွေ တင်သွင်းတာနဲ့ ပတ်သက်ပြီး အခွန်နှုန်းထားတွေ ပြန်လည်သုံးသပ်ဖို့  အာဏာသိမ်း စစ်ကောင်စီဟာ စီစဉ်နေပြီး၊   အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ Charging Station (အားသွင်းနဲ့နေရာ) တွေတည်ဆောက်ဖို့လည်း စီစဉ်နေပါတယ်။

လျှပ်စစ်သုံးမော်တော်ယာဉ်တွေကို တရားဝင်တင်သွင်းခွင့်ပြုထားပေမဲ့ တင်သွင်းမှုနည်းနေတဲ့အတွက် ခုလိုဆောင်ရွက်တာဖြစ်တယ်လို့သိရပြီး စစ်ကောင်စီဟာ ဇွန်လ ၉ ရက်နေ့က ဒီကိစ္စနဲ့ပတ်သက်တဲ့  အစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ မော်တော်ဆိုင်ကယ် Showroom ၊ Sale Center တွေဖွင့်လှစ်ပြီး စက်တပ်နဲ့ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တွေကို အချိုးကျတင်သွင်းမယ့် အစီအစဉ်တွေ၊ တင်သွင်းမယ့် လျှပ်စစ်သုံး မော်တော်ယာဉ်၊ စကူတာမော်တော်ဆိုင်ကယ်တွေအတွက် အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ဖို့ကိစ္စရပ်တွေကို စစ်ကော်စီရဲ့ သြဇာခံဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးလုပ်ဆောင်နေတယ်လို့   နိုင်ငံပိုင်သတင်းစာမှာ သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်သုံးမော်တော်ယာဉ်တွေ ပြည်တွင်းကို တင်သွင်းနိုင်ရေး စီစဉ်ရတဲ့အကြောင်းအရင်းက ပြည်တွင်းမှာလောင်စာစွမ်းအင်နဲ့ ကာဗွန်ထုတ်လုပ်မှုလျှော့ချဖို့ ၊ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုကို လျောကျ စေဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်ကဏ္ဍတိုးတက်ဖို့၊ မြို့ကြီး တွေမှာ မြို့ပြအင်္ဂါရပ်နဲ့ ညီစေဖို့နဲ့ သန့်ရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ထွန်းစေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီဟာ နယ်စပ်ဒေသတွေက တစ်ဆင့် စက်တပ် မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို အကြောင်းပြချက်တစ်စုံတရာမပါဘဲ မေ ၈ ရက်မှ  ၁၃ ရက်အထိ ၆ ရက်ကြာပိတ် ခဲ့သလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြပြီး  လိုင်စင်မဲ့ မော်တော်ယာဉ်အသုံးပြုသူတွေကို စစ်ဆေးအရေးယူတာတွေ  ဒေသအသီးသီးမှာ တိုးမြှင့်လုပ် ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024