စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ နေ့စဉ် ပျမ်းမျှ ကားတစ်စီး အခိုးခံနေရတယ်လို့ မြို့နေလူထုဆီက သိရပါတယ်။
အာဏာမသိမ်းခင်ကလည်း ကားခိုးခံရတာမျိုးရှိခဲ့ဖူးပေမဲ့ စစ်တပ်အာဏာသိမ်းခံရပြီးနောက်မှာ နေ့စဉ် ဆက်တိုက်ခိုးခံနေရပြီး ကားခိုးမှုတွေပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
"အရင်ကလည်း ကားတွေခိုးတာရှိတယ်။ ဒါပေမဲ့ အခုလိုနေ့တိုင်းတော့အခိုးမခံရဘူး၊ ခုက လောင်းကစားဝိုင်းတွေ ပေါလာတော့ ခိုးတာ ၊ လုတာက နေ့တိုင်းဖြစ်နေတာ "လို့ မူဆယ်မြို့သားတစ်ယောက်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေလည်း ပိုများလာပြီး မူးယစ်ဆေးသုံးစွဲတာတွေ တွင်ကျယ်လာတာကြောင့် နေ့တိုင်းကားခိုးခံရတာ ၊ဆိုင်ကယ်ခိုးခံရတာနဲ့ လုယက်ခံရတာတွေနေ့တိုင်းဖြစ်နေပေမယ့် တာဝန်ရှိသူတွေကတော့ ဘာမှ တာဝန်ယူလုပ်ဆောင်တာ မရှိဘူးလို့ သိရပါတယ်။
မူဆယ်မြို့ကကားတွေအများစုဟာ လိုင်စင်မဲ့ကားတွေဖြစ်ပြီး လိုင်စင်နဲ့ကားတွေ ရှားတယ်လို့ဆိုပါတယ်။ အခိုးခံရတဲ့ကားတွေက လိုင်စင်မဲ့ကားတွေဖြစ်ပြီး နေအိမ်ရှေ့ခဏ ရပ်ထားရင်ကို ပျောက်သွားတဲ့ အခြေနေဖြစ်နေပြီလို့ သိရပါတယ်။