အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့ ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချွိုင်ဂျွန်ကွန်တို့ဟာ ဇွန်လ ၉ ရက်က ဝါရှင်တန်မှာတွေ့ဆုံစဉ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
“အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနဲ့ ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးက အရေးကြီးတဲ့အကြောင်းနဲ့ လက်ရှိနဲ့အနာဂတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စု၊ ကိုရီးယားသမ္မတနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးက မရှိမဖြစ် အရေးပါတဲ့အကြောင်းတွေကို ထပ်လောင်းအတည်ပြုခဲ့ကြပါသေးတယ်”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် က ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အရှေ့မြောက်အာရှ၊ အင်ဒို - ပစိဖိတ်နဲ့ တခြားဒေသတွေမှာ ငြိမ်းချမ်းရေး၊ လုံခြုံမှုနဲ့ သာယာဝပြောမှုတွေ ဆောင်ရွက်ဖို့ကိစ္စတွေလည်းဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင်ရာသီဥတုပြောင်းလဲမှု ပြဿနာ ဖြေရှင်းရေး၊ အင်ဒို - ပစိဖိတ်ဒေသရှိ စိန်ခေါ်မှုတွေကိုဖြေရှင်းရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊ ကာကွယ်ဆေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ဆက်စပ်ပစ္စည်းတွေ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကနေတဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးကြိုးပမ်းဖို့ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။