နယူးဇီလန်နိုင်ငံမှာ သူနာပြုအယောက် ၃၀,၀၀၀ လောက်ဟာ လစာတိုးမြှင့်ရရှိရေးအတွက် ပြည်လုံးကျွတ်သပိတ်ကို ဇွန် ၉ ရက်မှာ ၈ နာရီကြာ ဆင်နွှဲခဲ့ပါတယ်။
ခရိုင်ကျန်းမာရေးဘုတ်အဖွဲ့က သူနာပြုတွေရဲ့ လုပ်ခလစာ ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်ရေး အဆိုပြုချက်ကို နယူးဇီလန် သူနာပြုအစည်းအရုံး NZNO က ပယ်ချခဲ့ပြီး သူနာပြုတွေ နဲ့ အစိုးရကြားညှိနှိုင်းမှုဟာ ဒီသီတင်းပတ် အစောပိုင်း မှာ မအောင်မမြင် ဖြစ်ခဲ့တာပါ။
သူနာပြုတွေက လုပ်ခ လစာ ၁၇ ရာခိုင်နှုန်း တိုးမြှင့်ဖို့ တောင်းဆိုခဲ့ပေမဲ့ အစိုးရဘက်က မတတ်နိုင်ပေမယ့် ဆက်ပြီး ညှိနှိုင်းသွားဖို့ ကတိပြုတယ်လို့ အစိုးရက ပြောပါတယ်။
နိုင်ငံတဝန်း ဆေးရုံတွေရဲ့ အပြင်ဘက်တွေနဲ့ ပန်းခြံတွေမှာ သူနာပြု ထောင်ချီ စုရုံးခဲ့ပြီး လက်ကိုင်ပိုစတာတွေ ကိုင်စွဲ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးရောက်ချိန်မှာ ပိုဆိုးလာတဲ့ လုပ်ငန်းခွင် အခြေအနေနဲ့ လစာ နည်းပါးမှုကို သူနာပြုတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ဆန္ဒပြပွဲအတွင်း အရေးပေါ် မဟုတ်တဲ့ ခွဲစိတ်ကုသမှု အားလုံးနဲ့ ပြင်ပလူနာဌာနတွေကို ပိတ်ထားခဲ့ပါတယ်။