အာဖဂန်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သား ၁၀ ဦး ပစ်သတ်ခံရ

ဓာတ်ပုံ- ရိုက်တာ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက မြေမြှုပ်မိုင်းရှင်းလင်းရေး အေဂျင်စီ The Halo Trust မှာအလုပ်လုပ်နေတဲ့ အာဖဂန်နိုင်ငံသား ၁၀ ယောက်ကို  သူတို့ရဲ့ စခန်းမှာတင် တာလီဘန်တွေက ပစ်သတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ဇွန် ၉ ရက်မှာ ပြောပါတယ်။

အာဖဂန်အစိုးရကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေတဲ့ တာလီဘန်တွေကတော့ ဇွန်  ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းပါတယ်။ အခင်းဖြစ်ပွားရာ နိုင်ငံမြောက်ပိုင်း ဘဂ္ဂလန်ပြည်နယ်မှာ လတ်တလော သီတင်းပတ်တွေ အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အမည်မသိ လက်နက်ကိုင်အုပ်စုက စခန်းကို တိုက်ခိုက်ပြီး ဝန်ထမ်း ၁၀ ယောက်ကို သတ်ခဲ့တယ်လို့ The Halo Trust အေဂျင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။

 “လူ ၁၆ ယောက်လည်း ဒဏ်ရာရတယ်၊ တိုက်ခိုက်ချိန်က စခန်းမှာ လုပ်သား ၁၁၀ ယောက် ရှိနေတယ်”လို့  အေဂျင်စီက ပြောပါတယ်။

 တိုက်ပွဲအပြီး ရှင်သန်ကျန်ရစ်သူ လုပ်သားတွေ အများစုက အနားမှာရှိတဲ့ ရွာတွေဆီ ထွက်ပြေးခဲ့ပြီး ရဲတွေက သူတို့ကို ကူညီနေတယ်လို့ ဒေသတွင်းက အရာရှိတယောက်က ပြောပါတယ်။

ဆယ်စုနှစ်ချီ လက်နက်ကိုင် ပဋိပက္ခတွေအပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ မပေါက်ကွဲ သေးတဲ့ မိုင်းတွေ ကျည်ဖူးတွေ ပြန့်ကျဲနေပါတယ်။  အေဂျင်စီအတော်များများက ၂၀၀၁ နောက်ပိုင်း တာလီဘန်အစိုးရ ပြုတ်ကျအပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်နေခဲ့ကြတာပါ။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြည်နယ် ၃၄ ခုထဲက ၂၆ ခု မှာ အစိုးရတပ်တွေကို တာလီဘန်တွေက တိုက်ခိုက်နေပြီး ခုတော့ တာလီဘန်တွေဟာ ပြည်နယ် ၁၀ ခုကျော်ကို သိမ်းပိုက်ထားပြီးပြီလို့ အစိုးရအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up