အာဆီယံဒေသတွင်း တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂၀,၀၀၀ ကျော်ရှိလာ

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအ သစ် ၂၀,၂၈၆ ယောက်ရှိခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၄ ဒသမ ၂၁ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးမှုအသစ်ကတော့ ၄၀၄ ယောက်ရှိခဲ့ကာ ပြီးခဲ့တဲ့ တရက်ကထက် ၃၈၂ ယောက် ပိုမိုမြင့်တက်နေခဲ့တာဖြစ်ပြီး စုစုပေါင်းသေဆုံးသူ ၈၂,၄၉၀ ယောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြင့်ဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ တရက်အတွင်း ကူးစက်မှုအသစ် ၆,၂၉၄ ယောက်နဲ့ သေဆုံးသူ ၁၈၉ ယောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၅၂,၀၀၀ နီးပါး ရှိနေခဲ့တာပါ။

အင်ဒိုနီးရှား ဆေးပညာရှင်တွေကတော့ ရန်မဒန်(ဥပုသ်လ)အတွင်း ဒေသတခုက နေတခု လာရောက်ကြသူတွေကြောင့် ရောဂါကူးစက်မှုနှုန်း ပိုပြီးတော့ လျင်လျင်မြန်မြန် ကူးစက်လာနိုင်ဖွယ်ရှိတာမို့ စိုးရိမ်ပူပန်နေကြပါတယ်။

တချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံမှာတော့ အစိုးရက ကိုဗစ်-၁၉ ကာကွယ်ရေး ရန် ပုံငွေလှူဒါန်းကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပြီး အခုနှစ်အတွင်း လူဦးရေရဲ့  ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးသန်း ၁၅၀ ထိုးနှံပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လတ်တလော အစိုးရရဲ့ ကာကွယ်ဆေးဘတ်ဂျတ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၃၀ သာရှိနေပြီး လိုငွေအနည်းဆုံး ၁ ဒသမ ၁ ဘီလီယံရှိနေတာမို့ ခုလိုနှိုးဆော် ထားတာလို့ ဆိုပါတယ်။

ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးကတော့ ပြည်သူ ၂၃၁,၀၀၀ ကျော်နဲ့ အဖွဲ့အစည်း‌တွေက လှူဒါန်းငွေ ၃၂၁ သန်းကျော် ရရှိထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၈ သောင်းကျော်နဲ့ အာဆီယံဒေသတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ သန်းနဲ့ချီ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။ 

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၄ ဒသမ ၇ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ ၃ ဒသမ ၇ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၅၈ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up