Home
မေးမြန်းခန်း
စစ်ကောင်စီဝါဒဖြန့်ရာတွင် ဗိုလ်ချုပ်ရုပ်ရှင်ကို အသုံးမချရန် ဒါရိုက်တာလူမင်း ပြော
ဇော်ဇော်လှိုင်
·
June 9, 2021

ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ဂျပန်သတင်းထောက်မစ္စတာ ယူကီခိတဇုမီက အင်းစိန်ထောင်မှာ အကျဉ်းကျခံခဲ့ရစဉ် ဒါရိုက်တာ အကယ်ဒမီလူမင်းနဲ့ တွေ့ဆုံခွင့်ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ဒါရိုက်တာ တာဝန်ယူ ရိုက်ကူးခဲ့တဲ့ ကိုလူမင်းက စစ်ကောင်စီကဝါဒဖြန့်တဲ့အနေနဲ့ ဗိုလ်ချုပ် ရုပ်ရှင်ကို အသုံးချဖို့ ကြိုးစားနေတာကို သူ့အနေနဲ့ ကန့်ကွက်တယ်လို့  သတင်းစကားပါးလိုက်တဲ့အကြောင်း သတင်းထောက် ယူကီက ပြောပါတယ်။

ဒါရိုက်တာလူမင်းနဲ့ တွေ့ဆုံခဲ့စဉ် ဘယ်လို သတင်းစကားပါးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက်ယူကီစံကို ဒီဗွီဘီက တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။ 

မေး- မင်္ဂလာပါ။ ယူကီစံက တင်ထားတာတွေ့ပြီး မေးစရာလေးတွေရှိလို့ ခွင့်ပြုပါ။ ပထမဦးစွာ မေးချင်တာက  ကိုလူမင်းနဲ့ တွေ့ဆုံပုံလေး သိပါရစေ။

ဖြေ- “ကျနော် အင်းစိန်ထောင်မှာ နေထိုင်ခဲ့ရစဉ်က အထူးဆောင်မှာပါ။ ၁-၅ လို့ ခေါ်တဲ့ နေရာပါ။ အဲဒီမှာ အခန်းလေးတွေ အများကြီးရှိပါတယ်။ အခန်းငယ်လေးတွေရှိပြီး အားလုံးပေါင်း နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ရှိခဲ့ပြီး ဒါရိုက်တာ ကိုလူမင်းလည်း ပါဝင်ခဲ့ပါတယ်။ သူနဲ့ အဲဒီ အဆောက်အအုံမှာ တွေ့ ခဲ့ရတာပါ။”

မေး- ဟုတ်ကဲ့  ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာက ဘယ်အချိန်လောက်လဲဗျ။

ဖြေ- “ဧပြီလလောက်ကတည်းက ကြားခဲ့ရတာပါ။ ကိုလူမင်းဆီ ရှေ့နေကတဆင့် ဗိုလ်ချုပ် ရုပ်ရှင်နဲ့ပတ်သက်နေတဲ့ သတင်းတွေ ရောက်လာခဲ့တယ်လို့ ထင်ရပါတယ်။ အဲဒါတွေကို ပြန်ကြားရတဲ့ ဒါရိုက်တာ ကိုလူမင်းက လုံးဝ ခွင့်လွှတ်လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောဆိုနေခဲ့တာပါ။ နောက်ပြီး သူ့အနေနဲ့ တစ်ဆင့်ကနေ စေ့စပ်မှုတွေရှိခဲ့ပေမယ့် လက်မခံ ငြင်းဆိုခဲ့တယ်လို့လည်း ကိုလူမင်းဆီက အမြဲ ကြားခဲ့ရပါတယ်ဗျ။”

မေး- ဪ ဟုတ်လားဗျ၊ ကိုလူမင်းက ဘယ်လို ပြောခဲ့သလဲ။ မစ္စတာယူခီ ကိုယ်တိုင်လည်း ရုပ်ရှင်ထဲ ပါခဲ့တယ်နော်။

ဖြေ- “ဟုတ်တယ်။ ကျနော်ကိုယ်တိုင်လည်း သရုပ်ဆောင်တယောက်အဖြစ် ပါဝင်ခဲ့တာပါ။”

မေး- ဒါကြောင့် ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း တော်တော်ပြောဖြစ်ကြမယ် ထင်ပါတယ်။ ကိုလူမင်းနဲ့ ဘာတွေများ ပြောကြလဲ၊ နားထောင်ပါရစေ။

ဖြေ- “ဟုတ်ပါတယ်။ ဒါရိုက်တာ ကိုလူမင်းက ဒီရုပ်ရှင်ရိုက်ကူးခဲ့တာကို အရမ်းစိတ်ထဲ နှစ်ထားခဲ့တာ။ နောက် စိတ်အားထက်သန်စွာ ရိုက်ကူးခဲ့တော့ ထောင်ထဲမှာလည်း ပြောဖြစ်ကြတယ်ဗျ။ နောက် ကျနော်တယောက်တည်း မဟုတ်ဘဲ ဂျပန်လူမျိုးသရုပ်ဆောင်တွေ တော်တော်များများ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ ဂျပန်လူမျိုးတွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အပိုင်းတွေကိုရော  အားလုံး အရမ်းကို အားရကျေနပ်စရာပါပဲလို့လည်း သူက ပြောပြခဲ့ပါတယ်။ ရိုက်ကွင်းထဲမှာ ကျနော်ကိုယ်တိုင်က တွေ့မြင်ခဲ့ရတော့ ဒီရုပ်ရှင်က တကယ့် သမိုင်းဝင်ဖြစ်ရပ်မှန်ပေါ်မှာ အနီးစပ်နိုင်ဆုံးရအောင် ကိုလူမင်းက အရမ်းကြိုးစားအားထုတ်ခဲ့ရတာကို သိနေတော့  စစ်ကောင်စီက သူ့တို့ပေါ်လစီအတိုင်း ဝါဒဖြန့်ဖို့ ဗိုလ်ချုပ်ရုပ်ရှင်ကို အမြန်တည်းဖြတ် ပြီးစလွယ်လုပ်လိုက်မှာ ကိုလူမင်းက ဒါရိုက်တာတယောက်အနေနဲ့ စိတ်ပူပန်နေတာ  သဘာဝကျတယ်လို့ သုံးသပ်မိပါတယ်။”

မေး- အခုလို မစ္စတာယူကီက ပြောလိုက်လို့ ကိုလူမင်းအပေါ် စစ်ကောင်စီက ကိုလူမင်းအပေါ် ဖိအားတွေ ပိုပေးလားနိုင်မလားလို့ ထင်မိပါသလား။ အဲဒီအပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ- “ဟုတ်ပါတယ်။ သူ့အပေါ် စိုးရိမ်မှုတွေရှိပါတယ်။ ဒါပေမဲ့ သူမှာကြားပြောလိုက်တဲ့ စကားတွေက ကျနော်တယောက်တည်းကိုပါပဲ။ ကျနော် အခုလိုမပြောရင် စစ်ကောင်စီက သူတို့ လိုချင်တဲ့ ပေါ်လစီအတိုင်း ရုပ်ရှင်ကို ဝါဒဖြန့်မှုမှာ အသုံးချမှာကို ကိုလူမင်းက စိုးရိမ်ပူပန်နေတယ်။ ကန့်ကွက်နေတယ်ဆိုတဲ့စကား ဘယ်သူ့ကိုမှ ပြောနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်လို့ ဒါကြောင့်လည်း ပြောလို့ရနိုင်တာက ကျနော်တယောက်တည်းပဲ ဖြစ်နေလို့ ကျနော် မပြောမဖြစ် ပြောရမယ်ဆိုပြီး အခုလို ဆုံးဖြတ်ချက်ချ ပြောဆိုလိုက်ရတာပါ။”

မေး- နောက်တခုက ဒီရုပ်ရှင်က ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပြီး ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားပြီး ဒီရုပ်ရှင်ကို အပြီးသတ်ထုတ်ဖို့ ကြံစည်နေတာကို ယူကီစံ ဘယ်လိုထင်ပါသလဲ။

ဖြေ- “တကယ်တော့ပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး အရင်ပြန်လွှတ်ပေးပြီး ဒီရုပ်ရှင်ကို အားလုံးရွှင်လန်းစွာ ဆက်လုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက် ဒီရုပ်ရှင်က တကယ်ကို ထူးခြားပြီး တန်ဖိုးရှိတဲ့ ပြောင်မြောက်တဲ့ အဆင့်မြင့် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ရှင်ကားကြီးတခု ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်ကို ကြိုးစားပမ်းစား ရိုက်ကူးထားတဲ့ ရုပ်ရှင်ကြီးပါ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ကြီးက ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် အခြေခံအဖြစ် သတ်မှတ်ပြီး ပြည်သူအားလုံး ပျော်ရွှင်စွာကြည့်ရမယ့် ရုပ်ရှင်ကားကြီးတခုလို့ ထင်မြင်မိပါတယ်။”

မေး- ဒီရုပ်ရှင်မှာ ယူခီစံ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့တာဆိုတော့ အနုပညာနဲ့ပတ်သက်လို့ ဘာများ ပြောချင်လဲဗျ။

ဖြေ- “မြန်မာနိုင်ငံမှာ အနုပညာသမားတွေ အများစုက ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဆန္ဒပြကြတုန်းပါပဲ။ ဒါရိုက်တာ ကိုလူမင်း တယောက်လည်း အပါအဝင် တော်တော်များများ အဖမ်းခံခဲ့ကြရတာပါ။ အဲကတည်းက ကြာကြာစကားမပြောလိုက်ရပေမယ့် သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ကျနော် တွေ့ခဲ့လိုက်ရပါတယ်။ ပိုင်တံခွန်ကို ထုံးစံအတိုင်း ရွှင်ရွှင်လန်းလန်းနဲ့ ဘေးပတ်ဝန်းကျင်ကိုပါ ရွှင်လန်းတက်ကြွအောင် သူ့သဘာဝပုံစံအတိုင်း ဖန်တီးရင်း နိုင်ငံရေး အကျဉ်းသားတဦးအနေနဲ့ ဖြတ်သန်းနေတာကိုလည်း လှမ်းမြင်တွေ့ခဲ့ရပါတယ်။”

မေး- အထူးထောင်ထဲမှာ တွေ့လိုက်ရတာလားဗျ။

ဖြေ- “ဟုတ်ပါတယ်။ ကျနော်က အထူးဆောင်ဆိုပေမယ့် ပိုင်တံခွန်က ဘေးက သာမန် နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ ဘေးအဆောင်မှာပါ။ သူက တခါတလေ သူက ဝရန်တာ အပြင်ထွက်လာပြီး လှမ်းနှုတ်ဆက်တတ်ပါတယ်။ သူ့ကျန်းမာရေးကတော့ ကောင်းမွန်တဲ့ပုံစံလို့ မြင်တွေ့ရပါတယ်။”

မေး- ယူကီစံ က သတင်းထောက်အပြင် ဒါရိုက်တာ၊ နောက်သရုပ်ဆောင်တဦးလည်း ဖြစ်လို့ မြန်မာနိုင်ငံက အနုပညာရှင်တွေအကြောင်း ပြောပြပါလား။

ဖြေ- “မြန်မာနိုင်ငံသမိုင်းမှာက ဒီမိုကရေစီရရှိရေးအတွက်  အနုပညာသမားတွေ အများစုက ဆန္ဒထုတ်ဖော်ခဲ့ကြတာ အစဉ်အလာရှိခဲ့တာပါ။ ဒီနေ့လည်း ရုပ်ရှင် ပရိုဂျူဆာတယောက် အဖမ်းခံရတယ်လို့ စိတ်မကောင်းစွာ ကြားပါတယ်။ ဒါကြောင့် အနုပညာသမားတွေ အပါအဝင်  ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်။”

“ဟုတ်ပါတယ်။  ဒီဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဟာ အရင်စစ်အစိုးရလက်ထက်တုန်းကလည်း မဆောင်ရွက်နိုင်ဘဲ အချိန်ကြာမြင့်ခဲ့တဲ့ ထူးခြားတဲ့ရုပ်ရှင်တခုပါ။ ဒါကြောင့်လည်း ဒီသမိုင်းဝင်ရုပ်ရှင်ဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့် အသုံးချခံဖို့ မဟုတ်ဘဲ ဒီမိုကရေစီအစိုးရ ပြန်လည် ရရှိပြီး  လွတ်လပ်စွာ ရုပ်ရှင်ထုတ်လုပ်နိုင်တဲ့ အခြေအနေကိုရောက်ပြီး ပြည်သူတွေကလည်း ပျော်ရွှင်အေးချမ်းစွာ ရုပ်ရှင်ရုံမှာ ကြည့်နိုင်ချိန်၊ နောက် ဖမ်းဆီးထားတဲ့ ဒါရိုက်တာလူမင်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ချိန်မှ အားလုံးပျော်ရွှင်စွာ ဒီရုပ်ရှင်ကို ရုံတင်ကြည့်သင့်တယ်လို့ ထင်ပါတယ်။” 

မေး- နောက်ဆုံးအနေနဲ့ မြန်မာပြည်သူတွေကို ဘာများပြောချင်ပါသေးလဲဗျ။

ဖြေ- “လက်ရှိ မြန်မာပြည်သူတွေက နိုင်ငံရှေ့ရေးအနာဂတ်အတွက် ဒီမိုကရေစီ ပြန်လည်ရရှိရမယ်ဆိုပြီး အမျိုးမျိုးစဉ်းစားပြီး ဘယ်လောက် ခက်ခဲနေပါစေ၊ ကြိုးစားပြီး လုပ်ဆောင်နေ ကြတာပါ။ အဲဒီစိတ်နဲ့ပဲ မလျှော့ပဲလက်ဆုပ်ကိုင်ပြီး တနေ့ အနိုင်ရပြီး အာဏာသိမ်း စစ်ကောင်စီက ကျဆုံးတဲ့တနေ့ ဒီမိုကရေစီပြန်လည်ထွန်းကားလာတဲ့နေ့ အဲဒီတနေ့ ကိုရောက်ပြီး ဒီဗိုလ်ချုပ်ရုပ်ရှင်ကို အတူကြည့်ရမယ်လို့ မျှော်မှန်းထားပါတယ်ဗျ။”

မေး- မအားလပ်တဲ့ကြားက အခုလို အချိန်ပေး ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်။

ဖြေ- “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024