ကချင်ပြည်နယ် ရွှေကူမြို့မှာ ဇွန်လ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးရဲ့ပေါင်မှာ လက်နက်ကြီးစ ထိမှန်ခဲ့ ပါတယ်။
ကချင်ပြည်နယ်ထဲကို ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ် ကိုင်းရွာကျေးရွာက အမျိုးသားတစ်ဦးရဲ့ ပေါင်မှာ လက်နက်ကြီးစ ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ထိခိုက်ဒဏ်ရာရတာပါ။ သင်္ဘောပေါ်ကနေ ကျေးရွာဘက်တွေကို လည်း ရမ်းသန်းပစ်ခတ်တာ တွေရှိတယ်လေ။ အဲ့လို ပရမ်းပတာပစ်လို့ထိတာ၊ အခု ထိခိုက်ဒဏ်ရာ ရတာက ကိုင်းရွာက ကိုသိန်းကျော်ပါ၊ ပေါင်မှာရှပ်မှန်သွားတာ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တတ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ သင်္ဘော သာယာကုန်းကျေးရွာနား ရောက်ရှိချိန်မှာ ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ကာ သာယာကုန်းနဲ့ ကျောက်ကြီးကျေးရွာကြားမှာတပ်စွဲထားတဲ့ တပ်မ ၈၈ က လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။