ဗုံးခွဲမှုသံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက လူငယ်တွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုဝင်တွေဆီကနေ အကြမ်းဖက်စစ်အုပ်စုက ပိုက်ဆံတောင်းယူတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးတွေထံက သိရပါတယ်။
ဖမ်းဆီးခံလူငယ်တစ်ဦးရဲ့ မိသားစုဝင်က“ သူ့ကို ဗုံးခွဲတယ်ဆိုပြီး ခေါင်းစဉ်တပ်ဖမ်းသွားတာပါ။ အထဲမှာ မသေရုံတမယ် ရိုက်နှက်ခံထားရတယ်လို့ အစ်ကိုတို့ ကြားရတယ်။ ကိုယ်မလုပ်တဲ့ အရာတစ်ခုအတွက် နှိပ်စက်ခံနေရတာ လုံးဝမတရားဘူး။ လွှတ်ပေးမယ် ပိုက်ဆံပေးဆိုလို့ ပိုက်ဆံတွေလည်း တော်တော်ကုန်နေပြီ။ ခုဆို သိန်း ၈၀ နီးပါးတောင်ရှိနေပြီး ခုထိ လွှတ်မပေးသလို ဘာသတင်းမှလည်းမကြားရဘူး” လို့ ပြောပါတယ်။
ထောင်ထဲမှာ ရိုက်နှက်စစ်ကြောမေးမြန်းခံနေရတာနဲ့ ပတ်သက်လို့လည်း မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
ရန်ကုန်မြို့တွင်းဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်အုပ်စုက တွေ့ရာကြုံရာ အနီးအနားကလူတွေကို တရားခံအဖြစ်ဖမ်းဆီးပြီး မေးမြန်းဖို့ဆိုပြီး ခေါ်သွားတာတွေလည်း အများအပြားရှိနေပါတယ်။
ဖမ်းဆီးခံ တချို့လူငယ်တွေကိုလည်း ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီမီဒီယာတွေကနေ မဟုတ် မမှန်လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။