အာဆီယံ-တရုတ် အစည်းအဝေးမှ မြန်မာပြည်သူများအတွက် မျှော်လင့်စရာမရှိ

တရုတ်၊ အာဆီယံနဲ့ စစ်ကောင်စီအကြမ်းအဖက်အဖွဲ့တို့ရဲ့ အစည်းအဝေးတွေကနေ မြန်မာပြည်သူတွေ အတွက်မျှော်လင့်စရာ အကျိုးစီးပွားဘာမှမရှိဘူးလို့  မြန်မာ့အရေးလေ့လာသူတွေက သုံးသပ် ပြောကြားလိုက်ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ တရုတ်၊ အာဆီယံနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့  တရုတ်နိုင်ငံမှာ  မဲခေါင် ၆ နိုင်ငံခေါင်းစဉ်နဲ့  အစည်းအဝေးပြုလုပ်နေတာပါ။  ဇွန်လ ၇ရက်နေ့ကလည်း တရုတ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ အစည်းအဝေးကိုလည်း ကျင်းပခဲ့ ပါတယ်။

ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး တရုတ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကပါဝင်မယ်၊ အာဆီယံနဲ့ပူးပေါင်းမယ်၊ မြန်မာပြည်တွင်းက သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေးပွဲပြန်ထိုင်ဖို့လိုမယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့လိုမယ်၊ အကြမ်းဖက်ကိစ္စ တွေအားလုံးရပ်ဆိုင်းဖို့လိုတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်အရေး နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအပေါ်မှာတော့ ပြည်တွင်းရေး စွက်ဖက်တယ်လို့ ဝမ်ယိကဝေဖန်ခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်နဲ့ မကိုက်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

အစည်းအဝေးဆွေးနွေးချက်တွေကို ခြုံကြည့်ရင် တရုတ်နဲ့ အာဆီယံရဲ့အကျိုးစီးပွား အပေါ်ရပ်တည်တာချင်းဘက်တူနေပြီး မြန်မာပြည်သူတွေအတွက် မျှော်လင့်စရာ အကျိုးစီးပွားကတော့ ဘာမှမရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက်မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးလုပ်တာတွေ၊ အကြမ်းဖက်မှုတွေလျှော့ဖို့ကတော့ စစ်ကောင်စီကို ဇက်သတ်နိုင်မယ်လို့ထင်ပါတယ်။ သူတို့အတွက်လုပ်ချင်တိုင်းလုပ်လို့တော့ သိပ်မဖြစ်ဘူးထင်တယ်။ မြန်မာပြည်သူတွေဘက်က ဒီထက်ပိုလိုချင်တာဖြစ်တော့ မြန်မာပြည်သူတွေဘက်ကလည်း အားမလိုအားမရတော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်တို့ အာဆီယံတို့ဘက်ကလည်းသူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာကြည့်မြင်မှုနည်းနာတွေ သေနင်္ဂဗျူဟာ အမြင်တွေအောက်ကလုပ်တာဖြစ်တော့ သူတို့လည်း ဒီထက်ပိုလုပ်ဖို့ရည်ရွယ်ပုံမရဘူး။ တရုတ်ကိုလည်းဘက်စုံကအနောက်နိုင်ငံတွေက တိုက်နေတာပဲ။ အာဆီယံမှာလည်း နိုင်ငံမျိုးစုံပါနေတယ်။ ဒီမိုကရေစီသက်သက်နိုင်ငံချည်းပဲမဟုတ်ဘူး။ ဘုရင်စနစ်နိုင်ငံတွေပါတယ်။ ကွန်မြူနစ်နိုင်ငံတွေပါတယ်။ အာဏာရှင်တပိုင်းကနေပြောင်းလာတဲ့ နိုင်ငံတွေလည်းပါတယ်။ သူတို့ကလည်း သူတို့အကျိုးစီးပွားတွေအပေါ်မှာမူတည်ပြီးတော့ မြန်မာပြည် အရေးအခင်းကို ဖြေရှင်းရာမှာ သူတို့နိုင်ငံတွေအကျိုးစီးပွားအပေါ်ရပ်ပြီးတော့မှ ကြည့်တာဖြစ်တဲ့အတွက် မြန်မာပြည်သူစိတ်ကြိုက်တော့မဖြစ်နိုင်ဘူး”။

မြန်မာပြည်သူအရေးကို အဆုံးအဖြတ်ပေးမှာက  မြန်မာပြည်သူလူထုပဲဖြစ်တယ်၊ ကိုယ့်ပြည်တွင်းကိစ္စကို ကိုယ့်ဘာသာဆုံးဖြတ်ကြရာမှာဖြစ်ပြီး တခြားဘယ်နိုင်ငံကမှ လာကူညီမှာ မဟုတ်လို့ ပြည်သူလူထုကသာ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် မတ်မတ်ရပ်ပြီး ဆက်လက်စဉ်းစားလုပ်ဆောင်ဖို့လိုတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ  ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးကနေ  အချက်ငါးချက်ပါ တဲ့ သဘောထားတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံသဘောထားငါးချက်မှာ ပါဝင်တဲ့အချက်တွေဟာ မြန်မာပြည်သူတွေ မျှော်လင့်သလိုမဖြစ်ခဲ့တဲ့ အပြင် တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းကသူတွေအချင်းချင်း ကိုရန်တိုက်ပေးပြီး သူ့လက်အောက်ရောက်အောင် ဆွဲထည့်တာမျိုး သမိုင်းကြောင်းတွေရှိခဲ့တယ်လို့ နိုင်ငံတကာရေးရာလေ့လာသူ ဦးအေးမောင်ကျော်က ပြောပါတယ်။

ဒီမူဝါဒကိုတရုတ်က ဆက်ပြီးကျင့်သုံးမကျင့်သုံးဆိုတာ မသေချာပေမယ့် အစည်းအဝေးတွေ သွားတက်နေတဲ့ စစ်ကောင်စီက သိနားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။

အစည်းအဝေးတွေမှာ NUG အစိုးရနဲ့ဆက်ဆံရေးမလုပ်ဘဲ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေတာဟာ တရုတ်နဲ့ အာဆီယံက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ကြိုးစားတဲ့သဘောသက်ရောက်နေတယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်ကလည်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရနှစ်ရပ်စင်ပြိုင်ဖြစ်နေချိန်မှာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ကြိုးစားတဲ့ အစည်းအဝေးတွေဟာ မြန်မာပြည်သူတွေအတွက် ဘာအကျိုးစီးပွားမှမရှိနိုင်ဘူးလည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ဝင်ရောက်ပတ်သက်တာကိုမနှစ်သက်တာဟာ သူ့ရဲ့လွှမ်းမိုးမှုကိုထိခိုက်တာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အာဆီယံစတင်ဖွဲ့စည်း ကတည်းကချမှတ်ထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူအရ မြန်မာပြည်အရေးမှာလည်း သူတို့ပါဝင်စွက်ဖက်ဖို့ မဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ဇွန်လ  ၄ ရက်နေ့က အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်နဲ့သာတွေ့ဆုံခဲ့ပြီး  အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံတာမရှိခဲ့တဲ့အတွက် ဝေဖန်တာတွေရှိခဲ့ပါတယ်။

PHOTO CREDIT- SINGAPORE FM

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up