ရှမ်းပြည်နယ်မှာ မူဆယ်မြို့နယ်လုံးဆိုင်ရာ အခြေခံပညာရေး CDM ဝန်ထမ်းရေးရာ ကော်မတီဖွဲ့စည်းပြီးစီးကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မူဆယ် မြို့နယ်မှာ CDM ပညာရေးဝန်ထမ်းတွေက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး မူဆယ်မြို့နယ်ရှိ ပညာရေးကဏ္ဍ အသီးသီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မူဆယ်မြို့နယ်လုံးဆိုင်ရာ အခြေခံပညာရေး CDM ဝန်ထမ်းများကော်မတီကို ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မူဆယ်မြို့နယ် အခြေခံပညာဦးစီးဌာနက CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်း ၄၂၈ ဦး ကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း မေလ ၁၂ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၃ ရက်အထိ မူဆယ်ခရိုင်မှာ တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ ပညာရေးဝန်ထမ်း ၁၅၅၇ ဦးရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၂၃ မြို့နယ်က တာဝန်မှ ယာယီရပ်ဆိုင်း ခံရသူ ပညာရေးဝန်ထမ်း ၄,၉၄၂ ဦး ရှိကာ ထုတ်ပယ်ခံရသူ ၄၀ ဦး ရှိကြောင်း လားရှိုး အခြေခံပညာရေး ဝန်ထမ်းများ CDM ဦးဆောင်ကော်မတီကနေ သိရပါတယ်။