စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် နယ်စပ်၊ ဝင်းကုန်းရွာဘက်မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(SPDF)တို့ ဇွန်လ ၇ ရက် ဒီနေ့ ညနေ ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ကျနော်တို့ရွာကနေ မီးခိုးတွေ မြင်ရတယ်။ သေနတ်သံတွေလည်း တရစပ်ကြားရပါတယ်” လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က နေ့လယ် ၂ နာရီခွဲလောက်မှာ ရဟတ်ယာဉ်တွေနဲ့ ကင်းထောက် ပတ်ကြည့်ပြီးနောက် ဝင်းကုန်းရွာကနေ ကားအကြီး ၃ စီး၊ ကားငယ် ၁ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ ကပိုင်ဘက်ကိုပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ ဆိုင်ကယ် ၅ စီး ပျက်စီးသွားပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူး။
ယင်းမာပင်မြို့နယ်အတွင်း အခုတိုက်ပွဲဖြစ်ပွားရာနေရာမှာ ဧပြီ ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၈ ယောက်ထက်မနည်း ကျဆုံးသွားကာ တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။