အာဆီယံ ဆိုတာ တရုတ် တပည့်လား

အာဆီယံဆိုတာ တရုတ်တပည့်လားလို့ မေးလိုက်မယ်ဆိုရင် အာဆီယံနိုင်ငံတွေ စိတ်ဆိုးကြမယ် ထင်ပါတယ်။ စိတ်ဆိုးပေမဲ့ အာဆီယံနိုင်ငံတွေဟာ တရုတ်တပည့်လို ပြုမူနေတာကလည်း လက်တွေ့မှာ တပုံတပင်ဖြစ်နေတယ်။ ပြောစရာတော့ ရှိနိုင်တယ်။ တောင်တရုတ်ပင်လယ် အရေးမှာတင် တရုတ်နဲ့ အာဆီယံနိုင်ငံတချို့တောင် ပြဿနာတက် အငြင်းပွားနေတာမို့ အာဆီယံအဖွဲ့ဟာ တရုတ်ရဲ့ သြဇာခံ မဟုတ်ဘူးလို့ပါ။

ဒါပေမဲ့ ‘မပြေးသော် ကန်ရာရှိ’တာက မြန်မာ့အရေးကိစ္စနဲ့ပတ်သက်ရင် အာဆီယံရဲ့ ရပ်တည်ပုံဟာ တထပ်တည်းလိုလိုပါ။ အာဆီယံချာတာထဲ ‘တနိုင်ငံရဲ့ ပြည်တွင်းရေး တနိုင်ငံကနေ မစွက်ဖက်ရေး’ ဆိုတာက တရုတ်ကိုင်စွဲတဲ့မူဝါဒ ဖြစ်နေပြန်တယ်။ မဲစာရင်းမှားတာ အကြောင်းပြ စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ကို အဲလိုအာဏာသိမ်းမှုအပေါ် ရှုတ်ချပါတယ်လို့တောင် တရုတ်က မပြောသလို၊ အဲလို စကားရပ်ပါတဲ့ ကုလသမဂ္ဂကြေညာချက်ကို ကန့်ကွက်ခဲ့တာလည်း တရုတ်ပါပဲ။ အာဆီယံ သဘောတူကြေညာချက်ဆိုတာထဲမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်တာမျိုး မပါဝင်တာမို့ တရုတ်နဲ့ထပ်တူနီးပါး ရပ်တည်တာလို့  စွပ်စွဲရင် မှားတယ် မဖြစ်နိုင်ပါ။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေကနေ ဖမ်းဆီးနှိမ်နင်းတာ၊ သတ်ဖြတ်တာတွေကို ကန့်ကွက်တာလောက် လုပ်ပြပေမဲ့ မူလအကြောင်းတရားဖြစ်တဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ မသိကျိုးကျွံပြုပါတယ်။ တည့်တည့်သာ စွပ်စွဲပြောရမယ်ဆို မြန်မာပြည်သူလူထု မဲပေး ရွေးကောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့ သဘောထားမျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။

အာဆီယံနိုင်ငံအများစုကိုယ်တိုင်က အာဏာရှင်စနစ်ကဲတဲ့အပြင် အိမ်နီးချင်း ထိုင်းလို နိုင်ငံမျိုးကလည်း စစ်အာဏာသိမ်းမှု မကြာခဏဖြစ်လေ့ရှိတယ်။ လက်ရှိ ထိုင်းဝန်ကြီးချုပ်ဆိုတာ အာဏာသိမ်း ထိုင်းစစ်တပ်ရဲ့ ကာချုပ်ဗိုလ်ချုပ်ကြီးပါ။ မြန်မာစစ်ခေါင်းဆောင်ကလည်း ထိုင်းကို အားကျပုံရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ရင် မြန်မာပြည်သူလူထုဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်တဲ့ အာဆီယံနိုင်ငံဆိုတာ အနည်းငယ်သာရှိပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေလောက်သာ ရှိတာပါ။ ဒါတောင်မှ သူတို့လည်း အာဆီယံအောက်ကဆို လေသံတစ်မျိုး ပြောင်းလဲသွားတာပါပဲ။ လွန်ဆန်တာ မရှိပါ။ 

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်နဲ့ အာဆီယံ တွေ့ဆုံပြီး သဘောတူညီချက် ထုတ်ပြန်ခဲ့ပေမဲ့ ထူးထူးခြားခြား မြန်မာစစ်တပ်ဘက်က အပြောင်းအလဲမရှိခဲ့ပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အင်အားအလွန်အကျွံသုံး နှိမ်းနင်းမြဲ၊ ဖမ်းဆီးမြဲ၊ ပစ်ခတ်သတ်ဖြတ်မြဲဖြစ်ပြီး ပစ်ခတ်နှိပ်စက်လို့ သေဆုံးရသူ အရေအတွက်က ၈၃၀ ကျော်လွန်လာခဲ့ပါပြီ။ အေအေပီပီစာရင်းအရဆို ဖမ်းဝရမ်း ထုတ်ခံထားရသူ နှစ်ထောင်ဝန်းကျင်နဲ့ ဖမ်းဆီးခံထားရသူ ၅၀၀၀ လောက်ရှိပြီလို့ သိရပါတယ်။ 

တရုတ်မီဒီယာတစ်ခုနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အင်တာဗျူးမှာတော့ ဒီကိန်းဂဏန်း အချက်အလက်တွေကို ဗြောင်ငြင်းဆိုထားပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေကိုတောင် မဲလိမ်တာကို တမင်ဖုံးချင်လို့ လုပ်တဲ့သူတွေနဲ့ ရိုးရိုးသားသား မခံချင်စိတ်ကြောင့် တစ်နည်းအားဖြင့် စိတ်ခံစားချက်ကြောင့် စစ်တပ်ကို ဆန္ဒပြ ကန့်ကွက်နေတာလို့ ဆိုထားလိုက်သေးတယ်။ တရုတ်မီဒီယာကလည်း ဇာတ်တိုက်ထားသလို မေးခွန်းမျိုးတွေမေးပြီး စစ်အာဏာသိမ်းမှုကို တရားနည်းလမ်းကျကြောင်း နှပ်ကြောင်းပေးတဲ့သဘောထက် မပိုပါဘူး။ အင်တာဗျူးတစ်ခုလုံးမှာ leading question ခေါ်တဲ့ ယောင်ပြမေးခွန်းတွေ မေးပြီး စစ်အာဏာသိမ်းမှုကို လုပ်သင့်တဲ့လုပ်ရပ်လို သက်သေပြုထားတာပါ။ 

အမေရိကန်နဲ့ အနောက်အုပ်စုကလည်း စစ်အာဏာသိမ်းမှု အစပိုင်းကာလတွေမှာ ပြင်းပြင်းထန်ထန် အားတက်သရော ဖြစ်ခဲ့ပေမဲ့ တဖြည်းဖြည်းကြာလာချိန်မှာ အာဆီယံဘက်ကို ဖိအားပေးဖို့ကိုသာ ဦးလှည့်လာပါတယ်။ အဓိကအချက်ကတော့ စစ်ရေးအရ အရေးယူတဲ့ နည်းလမ်းတွေကို ရှောင်ရှားချင်တာလည်း ပါနိုင်သလို၊ တရုတ်နဲ့ သိပ်ထိပ်တိုက်မတွေ့ချင်တာလည်း ဖြစ်နိုင်တဲ့ အကြောင်းတရားတစ်ခုပါ။ တိတိကျကျဆိုရရင် မြန်မာ့အရေးကိစ္စအတွက်နဲ့ တရုတ်နဲ့ ထိပ်တိုက်သိပ်မဖြစ်ချင်တဲ့ သဘောပါပဲ။ ဒါကြောင့် သံခင်းတမန်ခင်း နည်းလမ်းတွေနဲ့ချည်း ပိုပြီးချဉ်းကပ်လာတာကို တွေ့ရတယ်။ ပိတ်ဆို့အရေးယူမှုတွေကို တိုးမြှင့်လာပြီး နောက်ဆုံးကျ အာဆီယံကိုပဲ မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်ဖို့ တွန်းလာပါတော့တယ်။

တဘက်မှာလည်း တရုတ်က အာဆီယံကိုသာ တွန်းတင်လာတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် ၅ ခုလောက်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံကြေညာချက်ဆိုတာ အမှန်တော့ မြန်မာ့အရေးကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်မယ့်အရာ မဟုတ်ပါဘူး။ အရေးကြီးဖြစ်တဲ့ စစ်အာဏာသိမ်းတဲ့ နေ့ကတည်းကစလို့ ဖမ်းဆီးခံထားရသူ တည်ဆဲအရပ်သား အစိုးရခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိစ္စမပါဝင်ပါဘူး။ 

တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ပါးစပ်ကပြောနေပေမဲ့ တွေ့ဆုံဆွေးနွေးရမယ့် အဓိကကျသူတွေကို လွှတ်ပေးဖို့ကိုတော့ အာဆီယံအဖွဲ့က တောင်းဆိုမထားပါဘူး။ ခပ်ရှင်းရှင်းဆိုရရင် ရှေ့နောက်ညီညွတ်မှု မရှိပါဘူး။ အာဆီယံဟာ နဂိုကတည်းက သိပ်လည်းဂုဏ်သိက္ခာ သြဇာကြီးတဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခု မဟုတ်တဲ့အပြင် အခု မြန်မာ့အရေးကိစ္စမှာဆို ပိုလို့တောင် ဒေသတွင်းနိုင်ငံအသီးသီးက ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အဖွဲ့အစည်းဖြစ်မှန်း ပေါ်လွင်သွားပါတယ်။ အာဆီယံစုဖွဲ့မှုဟာ အာဏာရှင်စနစ် အားကောင်းဖို့အတွက် တစ်ဖက်တလမ်း အထောက်အကူ ပြုနေတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်နေတဲ့ပုံပါ။ 

အခု ဒီဆောင်းပါးရေချိန်မတိုင်ခင်လေးတင် အာဆီယံကိုယ်စားလှယ်အဖွဲ့က မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဘာတွေပြောတယ်၊ သဘောတူတယ်၊ မတူဘူး ဆိုတာတွေက မရေမရာပါပဲ။ နိုင်ငံတကာက ဝိုင်းဖိအားပေးလွန်းလို့ သီတင်းငါးပတ်လောက်ကြာမှ မနေသာလို့ လာတာထက် သိပ်ပိုပုံမရပါဘူး။ တစ်ဆက်တည်းမှာ ကြားရတဲ့သတင်းတွေအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ အာဆီယံကိုယ်စားလှယ် လာတာနဲ့ တရုတ်က လာတာနဲ့ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဆီယံကို မျှော်လင့်ချက်ကုန်သွားပြီလို့ ထုတ်ပြောလာပါတယ်။ ပြောလည်း ပြောစရာပါ။ အာဏာရှင်တစ်ပိုင်း နိုင်ငံတွေများတဲ့အပြင် တရုတ်လွှမ်းမိုးမှုကိုလည်း မနည်းရုန်းကန် တွန်းလှန်နေရတဲ့နိုင်ငံတွေလည်း ဖြစ်တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံတင်မက နိုင်ငံတကာအသိုင်းအဝန်းအစ တရုတ်ကို ကျော်မရသလို ဖြစ်လာသလိုပါ။ အမေရိကန်လို ဆူပါပါဝါနိုင်ငံကြီးကအစ အခုနောက်ပိုင်း မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးမှာ တရုတ်တင်သွင်းတဲ့ အာဆီယံနည်းလမ်းကိုပဲ တည်ကစားလာရတယ်။ 

ဒါတွေကြောင့် အာဆီယံဟာ တရုတ်တပည့်လားလို့ ဆိုတာပါ။ မြန်မာနိုင်ငံထဲမှာ အခြေအနေတွေက နေ့စဉ် ပိုမိုဆိုးရွားလာနေသလို၊ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆိုတာတွေနဲ့ စစ်ကောင်စီတပ်တွေကြား လက်နက်ကိုင် တိုက်ပွဲတွေကလည်း ပိုပြီးခပ်စိပ်စိပ် ဖြစ်လာတယ်။ အရင်က တိုင်းရင်းသားဒေသတွေမှာသာ အကန့်အသတ်နဲ့ဖြစ်တဲ့ ပြည်တွင်းစစ်မီးဟာ အခုဆို တိုင်းဒေသကြီးတွေနဲ့ မြို့ရွာတွေအထိ ဖြစ်လာနေပါပြီ။

တရုတ် ဘာလုပ်မလဲ၊ အာဆီယံလည်း ယောင်ပေပေနေရင်တော့ ဒေသတွင်း မတည်ငြိမ်မှုအထိ မြန်မာ့အရေးက ဖြစ်လာနိုင်ပါတယ်။ 

ထူးကျော်ဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up