ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၃ ပုံ ၁ ပုံနီးပါးမှာ မြို့တော်ဘန်ကောက်မှဖြစ်

      ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံနီးပါးဟာ မြို့တော် ဘန်ကောက်ကဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

      ကိုဗစ်-၁၉ ရောဂါကြောင့် တရက်အတွင်း သေဆုံးသူအသစ် ၃၆ ယောက်နဲ့ ကူးစက်မှုအသစ် ၂,၈၁၇ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ အကျဉ်းသား ၃၁၅ ယောက်နဲ့ နိုင်ငံခြားခရီးတွေက ပြန်လာသူ ၅၆ ယောက် ပါဝင်နေတာပါ။

      ဘန်ကောက်ခရိုင်ကတော့ ကူးစက်မှုအသစ် ၉၁၅ ယောက်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာ ပထုံဌာနီခရိုင်က ၄၁၁ ယောက်၊ ဆမွတ်ဆခွန်ခရိုင်က ၂၉၃ ယောက်၊ ဆ မွတ်ပရာကန်ခရိုင်က ၁၄၃ ယောက်နဲ့ ဖက်ချဘူရီခရိုင်က ၁၃၀ ယောက်စီ အသီးသီးကူး စက်ခံထားရတာ ဖြစ်ပါတယ်။

      တချိန်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာ ၃၃၉၆ ယောက်ကတော့ ပြန်လည်ပျောက်ကင်းသက်သာလာခဲ့လို့ ဆေးရုံက ဆင်းခဲ့တယ်လို့ ဆိုပါတယ်။

      လတ်တလောအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်းဟာ ၁ သိန်း ၇ သောင်းကျော်လာခဲ့ပြီဖြစ်ကာ ၁၂၄,၀၀၀ ကျော်ကတော့ ပြန်လည်ပျောက်ကင်း သက်သာလာခဲ့ကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ ၄၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ပေါင်း ၁,၂၀၀ ကျော်ရှိလာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၈၀ ကို ရောက်ရှိလာပါတယ်။

      ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ထိုးနှံပြီးသူ အရေအတွက် ၉ သောင်းကျော်စီ ရှိနေပြီး စုစုပေါင်း လူဦးရေ ၄ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

      ကမ္ဘာတဝန်းမှာတော့ အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၄ သန်းကျော်၊ အိန္ဒိယနိုင်ငံက ၂၈ သန်းကျော်၊ ဘရာဇီးနိုင်ငံက ၁၆ သန်းကျော်စီနဲ့ ကူး စက်မှုအမြင့်ဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up