စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်း ၁၃၈ ဦးကို မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ကြဖို့ စစ်ကောင်စီက ဇွန် ၄ ရက်မှာ တတိယအကြိမ် အကြောင်းကြားစာကို ပေးပို့လာတယ်လို့ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။
“မေလ ၂၄ ရက်လို့ နေ့စွဲ တပ်ထားပေမဲ့ ဒီနေ့မှ စာရောက်တာပါ။ မိမိတို့ တာဝန်ဝတ္တရားတွေကို ပြန်လည်ထမ်းဆောင်ကြဖို့ပေါ့။ ဝန်ထမ်းအဖြစ်က အပြီးအပိုင်ထုတ်တာ မဟုတ်သေးပေမဲ့ ဒီလို စာ ၃ ကြိမ်ထွက်ပြီး ပြန်မဝင်ရင် Removal ထွက်လာမှာပဲ။ ကျမတို့ စစ်အာဏာရှင်စနစ်ကို မနှစ်သက်လို့ CDM လုပ်ထားပြီးပြီ။ ကျမတို့ လစာမရတော့လို့ ဝင်ငွေ အခက်အခဲတွေရှိနေပေမဲ့ ဒီတိုက်ပွဲကိုတော့ အဆုံးအထိ တိုက်ပွဲဝင်သွားကြမှာပါ”လို့ CDM ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်း ၁၈၃ ယောက်ရှိတဲ့ အနက် ဖေဖော်ဝါရီ ၄ ရက်ကစပြီး စစ်အာဏာဆန့်ကျင်ကာ CDM ပြုလုပ်သူ ၁၃၈ ယောက်ရှိကာ ၇၅ ရာခိုင်နှုန်း CDM လုပ်နေတယ်လို့သိရပါတယ်။