စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းအားလုံးမှာ ကျောင်းသူကျောင်းသားပေါင်း ၂၀၀ ကျော် ကျောင်းအပ်လက်ခံစာရင်းပေးထား ပေမဲ့ ကျောင်းလာတက်ရောက်တဲ့ ကျောင်းသားမရှိဘူးလို့ ကနီမြို့နယ် ပညာရေးမှူးရုံးကနေသိရပါတယ်။
မြို့နယ် ပညာရေးမှူး ရုံးဝန်ထမ်းတစ်ဦးက “ကျောင်းလာအပ်တာ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ဆို ကျောင်းသား/ကျောင်းသူ ၂၀၀ စာရင်း ပေးကြတယ်။ ကျောင်းတော့ လာမတက်ဘူး။ ကနီမြို့ပေါ်အထက မှာတော့ ၇၀ လောက် ကျောင်းအပ်တယ်။ သူတို့လည်း လာမတက်ကြဘူး။ ၂၀၂၀-၂၁ ပညာသင်နှစ်စာရင်းအရ ဒီကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၂၀၀၀ ကျော်ရှိတယ်”လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းမှာ အထက ၁၂၊ အထက ခွဲ ၂၆၊ အလက ၂၃၊ အလက ခွဲ ၁၅၊ မူလွန် ၂၈၊ အမက ၄၀၊ အမက ခွဲ ၄ ကျောင်းနဲ့ စုစုပေါင်း ၁၄၈ ကျောင်း ရှိကြောင်း သိရပါတယ်။