လတ်တလော ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှမ်းလူငယ်အဖွဲ့တွေ စုပေါင်းပြီး ထောက်ပံ့ကူညီခဲ့ကြပါတယ်။
ရှမ်းလူငယ်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဂျပန်ရောက်ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ ရန်ကုန်ရောက် ရှမ်းလူငယ်ကွန်ရက်အဖွဲ့နဲ့ Tai Students’ Union တို့ပူးပေါင်းပြီး အလှူငွေကောက်ခံကာ စုစုပေါင်း ကျပ်ငွေ ၄၂၀၁၀၀၀၀ တန်ဖိုးရှိ စားစရာနဲ့ ဆေးဝါးတွေကို ကယားပြည်နယ်ရှိ နေရာပေါင်း ၁၂ နေရာက စစ်ဘေးရှောင်ပြည်သူ ၂၇၂၆ ဦးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ Tai Youth Yangon အဖွဲ့ဝင်လူငယ် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပြည်နယ်ချင်းဆက်စပ်နေတဲ့ တိုင်းရင်းသားအချင်းချင်း လူသားချင်းစာနာတဲ့အနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ကူညီခဲ့တာပါခင်ဗျာ။ ကျနော်တို့ သွားကူခဲ့တဲ့နေရာမှာ လေဖြတ်နေတဲ့ သက်ကြီးရွယ်အိုတွေလည်းရှိတယ်၊ ကိုယ်ဝန်ဆောင် ၁၂ ယောက်ရှိတယ်၊ တိုက်ပွဲတွေလည်းဖြစ်နေတော့ လက်ရှိအခြေအနေက အားလုံးခက်ခဲပါတယ်။ စစ်ဘေးရှောင်ကို ကူညီတာ၊ အလှူခံတာ၊ ထောက်ပံ့ကူညီဖို့ ဝယ်ရခြမ်းရတာ၊ အလှူပစ္စည်းတွေ သယ်တာတွေ လှူတာတွေကို စကစ တွေမသိအောင် အကုန်လုံး ခိုးကြောင်ခိုးဝှက်လုပ်ရတယ်။ လမ်းတွေလည်း ပိတ်ထားတော့ ခဲရာခဲဆစ်သွားကူရပါတယ်။”
သွားကူသူတွေအတွက် ခက်ခဲသလို စစ်ပြေးရှောင်တွေရဲ့ဘဝကလည်း ပိုမိုခက်ခဲဆင်းရဲလှကြောင်း၊ တောထဲမှာဖြစ်သလိုနေနေရပြီး မိုးတွင်းကာလမို့ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ရှမ်းလူငယ်အဖွဲ့တွေဟာ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ကိုလည်း လှူဒါန်းခဲ့ပြီး ကချင်ပြည်နယ်ရှိ တိုင်းရင်းသားစစ်ဘေးရှောင်တွေကိုလည်း ဆက်လက် လှူဒါန်းဖို့ ရှိတာကြောင့် အလှူရှင်တွေအနေနဲ့ ရှမ်းလူငယ်အဖွဲ့လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/TaiYouthYGN ကို ဆက်သွယ်လှူဒါန်းဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။