မျက်မမြင် တရုတ်နိုင်ငံသား ၁ ဦး ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်

photo-Reuters

အမြင်အာရုံချို့ယွင်းသူ အသက် ၄၆ နှစ်အရွယ် တရုတ်နိုင်ငံသား ကျန်းဟုံဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်ကို နီပေါနိုင်ငံ ဘက် အခြမ်းကနေတက်ရောက်နိုင်ခဲ့လို့ အာရှရဲ့ ပထမဆုံးနဲ့ ကမ္ဘာ့ တတိယမြောက် မျက်မမြင် ဧဝရတ် တောင်တက်သမား ဖြစ်လာခဲ့ပါတယ်။

“တကယ်လို့ ခင်ဗျားဟာ မသန်စွမ်းပဲ ဖြစ်ဖြစ် သာမန်လူပဲ ဖြစ်ဖြစ် ခိုင်မာတဲ့ စိတ်ဓာတ်ရှိနေသမျှ ဘာမှ ကိစ္စမရှိပါဘူး၊ ခင်ဗျားဟာ အမြဲတမ်း တခြားလူ မလုပ်နိုင်တဲ့ အရာတခု ကို အမြဲ ယှဉ်ပြိုင်နိုင်ပါတယ်”လို့ ဟုံက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကျန်းဟုံဟာ မေလ ၂၄ ရက်မှာ တခြား တောင်တက်လမ်းညွှန် ၃ ယောက်နဲ့အတူ ၈၈၄၉ မီတာမြင့်တဲ့ ဧဝရတ်တောင်ပေါ်ကို တက်ခဲ့ပြီး မေလ ၂၇ရက်မှာ တောင်ခြေစခန်းကို ပြန်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းပြည်နယ်မှာ မွေးတဲ့ ကျန်းဟာ အသက် ၂၁နှစ်အရွယ်မှာ ရေတိမ်ရောဂါ ကြောင့် အမြင်ကွယ်ခဲ့ပါ တယ်။

ဒါပေမဲ့ ၂၀၀၁ ခုနှစ်မှာ ဧဝရတ်တောင်ကို ရောက်ခဲ့တဲ့ အမေရိကန် မျက်မမြင် တောင်တက်သမား အဲရစ်ခ် ဝေဟန်မာယာကို အားကျပြီး တောင်တက်လမ်းညွှန် သူငယ်ချင်း ချန်စစ်ရဲ့ လမ်းညွှန်မှု အောက်မှာ စပြီး လေ့ကျင့်ခဲ့ပါတယ်။

 နီပေါနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မနှစ်က တောင်တက်ခရီးစဉ် တွေကို ပိတ်ထားခဲ့အပြီး ဧပြီလမှာတော့ နိုင်ငံခြားသားတွေ အတွက် ဧဝရတ်တောင်တက်ဖို့ ပြန်ခွင့်ပြု ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up