Home
မြန်မာသတင်း
Posco ကုမ္ပဏီက မြန်မာကို သဘာဝဓာတ်ငွေ့စီမံကိန်းအမြတ်ဝေစု ပေးချေနေမှု ပြန်သုံးသပ်မည်
DVB
·
May 30, 2021

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် အစုအမြတ်ငွေ ပေးချေမှုကို ပြန်သုံးသပ်နေတယ်လို့ တောင်ကိုရီးယားရဲ့ Posco International ကော်ပိုရေးရှင်းက မတ်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်နေတဲ့ စစ်ကောင်စီအတွက် ရန်ပုံငွေစီးဆင်းနေတာကို ကန့်သတ်နိုင်တဲ့ ဆောင်ရွက်ချက်တခုအနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။ 

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုထားချက်တွေကို ဆောင်ရွက်ပေးဖို့  Posco International က သုံးသပ်နေပြီး အဲဒီထဲမှာ အမြတ်ငွေ ထုတ်ပေးတာကို ဆိုင်းငံ့လိုက်တာလည်း ပါဝင်နေတယ်လို့ Posco ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ဖြေကြားပါတယ်။

ကုမ္ပဏီအတွင်း ဆွေးနွေးမှုတွေက ရှုထောင့်အမျိုးမျိုးက ဖြစ်ပြီးတော့ စာချုပ်နဲ့သက်ဆိုင်တဲ့ကိစ္စတွေက အများကြီး ရှိနေလို့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ Posco International ဟာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံနှင့်သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) နဲ့ အိန္ဒိယအစိုးရ လက်အောက်က ကော်ပိုရေးရှင်းတခု ဖြစ်တဲ့ GAIL ကုမ္ပဏီတို့နဲအတူ သဘာဝဓာတ်ငွေ့စီမံကိန်း ၃ ခု ပေါင်းထားတဲ့  မြန်မာနိုင်ငံရဲ့ ရွှေဂက်စ်စီမံကိန်းမှာ အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားတာပါ။

ဒါ့အပြင် တရုတ်ပြည်ကို သဘာဝဓာတ်ငွေ့ ပေးပို့တဲ့ ပိုက်လိုင်းမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ 

Posco International ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပါအ၀င် ပြည်တွင်းသုံးစွဲမှုအတွက် ဓာတ်ငွေ့လုပ်ငန်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုတယ်၊ ကျန်တာတွေကတော့ တရုတ်ကို ပိုက်လိုင်းတွေကနေ ပေးပို့တယ် လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ တောင်းဆိုထားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024