Home
မြန်မာသတင်း
ဖိအားပေးကျောင်းအပ်ခိုင်းသဖြင့် သရက်ကုန်းကျေးရွာ ကျောင်းသားနှင့်မိဘများ ဆန္ဒထုတ်ဖော်
DVB
·
May 29, 2021

ကချင်ပြည်နယ် ရွှေကူမြို့နယ် သရက်ကုန်းကျေးရွာ အထက်တန်းကျောင်း (ခွဲ) မှာ NonCDM ဆရာ/ဆရာမတွေက ကျောင်းလာအပ်ကြဖို့ မိဘတွေကို ဖိအားပေးနေတာတွေကြောင့် မိဘတွေနဲ့ ကျောင်းသားတွေက မေလ ၂၉ ရက်နေ့မနက်က ကျေးရွာအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဆိုပါ သရက်ကုန်းကျေးရွာ အထက(ခွဲ) ကျောင်းမှာ ၂၀၁၉ ပညာသင်နှစ်စာရင်းအရ ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး အခုစစ်ကောင်စီလက်ထက်မှာ ကျောင်းအပ်သူ ၆၀ ဝန်းကျင်၊ သင်ကြားရေးဝန်ထမ်း ၂၁ ယောက်မှာ CDM ဝန်ထမ်း ၆ ဦးသာရှိတယ်လို့ သိရပါတယ်။

ဒေသခံကျောင်းသားမိဘတစ်ဦးက “သူတို့ကဖုန်းနဲ့လည်း ဆက်တယ်၊ လူကြုံနဲ့လည်း ပြောခိုင်းတာတွေရှိတယ် ကျောင်းလာအပ်ကြဖို့ပေါ့။ အခုလာမအပ်ရင် နောက်ပိုင်း ဘယ်အစိုးရတက်တက် အဲ့ဒိကျောင်းသား ကျောင်းတက်လို့မရအောင် မင်နီတားခဲ့မှာလို့ ခြိမ်းခြောက်တာ၊ အဲ့ဒါကိုကြောက်ပြီး သွားအပ်သူတွေလည်း ရှိတာပေါ့နော်။ ဒီနေ့ နေ့လယ်အထိဆို ၆၀ လောက်ရှိသွားပြီလို့သိရတယ်။ ၂၀၁၉ စာရင်းအရဆို သုံးပုံတစ်ပုံပေါ့ ကျမတို့ကတော့ သူတို့ဘယ်လို ဖိအားပဲပေးပေး အပ်မှာမဟုတ်ဘူး။ ကိုဗစ်ကပြန်ထလာနေတယ်လေ၊ ပြီးတော့ နိုင်ငံတော်အာဏာကို လိမ်လည်သိမ်းယူထားသူတွေရဲ့လက်အောက်က ပညာရေးက ကလေးအတွက်အသုံးမဝင်နိုင်ဘူး။  အဲ့ဒိတော့ဘယ်လိုစိတ်ချပြီး ကလေးကို ကျောင်းအပ်ရမှာလဲ” လို့ ပြောပါတယ်။

ပညာရေးနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ ကျောင်းအပ်သာလက်ခံနေတာ ကျောင်းဖွင့်ဖို့က မသေချာဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024