ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၊ လမ်း (၂၀) မှာ မတ်လ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းက အမည်မသိသေနတ်သမားတွေက ရပ်ကွက်ရာအိမ်မှူးဟောင်း ဦးဘုန်းငွေကို သေနတ်နဲ့ ပစ်သတ် ထွက်ပြေးသွားပါတယ်။
ဒီမနက် ၈ နာရီလောက်က ရပ်ကွက်ရာအိမ်မှူးဟောင်း ဦးဘုန်းငွေကို သူ့အိမ်ရှေ့မှာတင် ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။ သေနတ်သမားတွေက ပစ်ခတ်ပြီးတဲ့နောက် အိမ်ရှေ့မှာပဲ ထပ်မံပြီး ဗုံးနှစ်လုံးဖောက်ခွဲထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုသေဆုံးခဲ့သူ ဦးဘုန်းငွေဟာ ရပ်ကွက်ထဲမှာ ဒလန်လို့ အမည်ထွက်နေသူလို့ လူအများအကြား ဝေဖန်နေကြပါတယ်။
ဒီအဖြစ်အပျက်နဲ့အတူ အနီးအနားပတ်ဝန်းကျင်မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ရာအိမ်မှူးအိမ်အနီးပေါက်ကွဲသလို ၃ ဈေးအမှိုက်ပုံ၊ အမှတ် ၁ ရဲစခန်းအနီးအမှိုက်ပုံ၊ ၄ ရပ်ကွက် အမှိုက်ပုံ၊ ဒေါပုံ navy တန်းလျားအနီး၊ ၉ ရပ်ကွက် စတဲ့နေရာတွေမှာ ဗုံးဆက်တိုက်ပေါက်ခဲ့တာပါ။
သာကေတမြို့နယ်မှာ မကြာသေးခင်ကလည်း အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါသေးတယ်။