Home
မြန်မာသတင်း
မုန်တိုင်းအရှိန်ကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ်ရာချီပျက်စီး
DVB
·
May 26, 2021

ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ မေလ ၂၄ ရက်က စတင်ကာ မိုးသက်လေပြင်းကျရောက်ပြီး  တဲအိမ် ၁၀၀ ကျော် ပျက်စီးသွားပါတယ်။

နေအိမ်တွေ ပျက်စီးသွားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာတဲအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့  စင်းဘောကိုင်းစခန်းတာဝန်ခံ ဦးညီပုက ဒီဗွီဘီကို ပြောပါတယ်။

“အခုလေပြင်းတိုက်တာကတော့ ၂၄ ရက်နေ့ နေ့လယ်ကစပြီး ညနေထိလေပြင်းတိုက်သွားတယ်။ အဲဒီမှာ အိမ်ခွေအလုံး ၁၀၀ ကျော် လောက်ပျက်စီးသွားတယ်။ အမိုးခေါင်တွေ ပျက်စီးကုန်တယ်၊ နောက်တစ်နေ့တော့ မနက်ပိုင်း ၁၀ နာရီခွဲကနေ ၁၁ နာရီအထိ လေပြင်းတိုက်ခဲ့တယ်။ အဲဒီမှာလည်း အပျက်အစီးလေးတွေ ရှိခဲ့တယ်။ အကုန်လုံးစုစုပေါင်းကတော့ ၁၃၇ အိမ်လောက် ပျက်စီးသွားခဲ့တယ်။ အဲဒီထဲမှာ ၅ အိမ်ကတော့ လုံးဝပျက်စီးသွားတယ်။ အခုကအမိုးတွေ၊ အကာတွေလန်ပြီး နေအိမ်ပျက်သွားသူတွေကတော့ သူတို့နားက အိမ်တွေမှာ ခိုလှုံနေကြရတယ်။ နည်းနည်းပြုပြင်ပြီးတော့ နေလို့ရတဲ့အိမ်တွေကတော့ ပြင်ပြီးနေကြတာပေါ့” လို့  ပြောပါတယ်။

အဆိုပါပျက်စီးသွားတဲ့အိမ်တွေရဲ့ တန်ဖိုးကိုတွက်ချက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့သိရပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၇၇၅ စု လူဦးရေ  ၃၉၀၁ ယောက် ရှိပေမဲ့  စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေကတော့ အိမ်ထောင်စု ၇၃၃ စု လူဦးရေ ၃၅၇၈ ယောက်အတွက်ပဲ ထောက်ပံ့ပေးထားပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးညီပုက “ အခုဆိုရင် ပျက်စီးသွားတဲ့ တဲအိမ်တွေအတွက် မယကရုံးက ပျက်စီးစာရင်းတွေတောင်းတယ်။ ICRC ရုံးကပျက်စီးစာရင်းတွေ တောင်းတယ်။ အခုလောလောဆယ်တော့ ပျက်စီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေရဲ့ တန်ဖိုးစာရင်းတွေကို တွက်ချက်ပြီးတင်ထားတယ်ပေါ့” လို့ ပြောပါတယ်။

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ် ‌မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းအပါအ၀င် တခြားမြို့နယ်တွေရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း တဲအိမ်တွေ ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024