ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က မူလတန်း ကျောင်းတကျောင်းမှာ မေလ ၂၆ ရက် ဒီမနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်းမှာပဲ တခြားနေရာတခုမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပစ်ခတ်လို့ ပြည်သူ တစ်ယောက် သေဆုံးသွားပါတယ်။
ရွှေပြည်သာ ဏ(၁၄)ရပ်ကွက် အ.မ.က မူလွန် အမှတ် (၃၄) ကျောင်းမှာ ဒီမနက် ၄ နာရီ၀န်းကျင်က ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ အနီးအနားနေသူတွေက ပြောပါတယ်။
"ပေါက်ကွဲသံကအကျယ်ကြီးပဲ။ ဒီလောက်မိုးရွာတဲ့ကြားက အကျယ်ကြီးကြားရတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ည ၁၂ ခွဲ လောက်က အဲဒီကျောင်းထဲကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေရောက်လာပြီး နာရီဝက်လောက်အကြာမှာ ပြန်ထွက်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီမနက် ၉ ဝန်းကျင်လောက်မှာ ရွှေပြည်သာ မြင်းလှည်းဂိတ်မှတ်တိုင်နားမှာ ဆိုင်ကယ်မောင်းလာသူတယောက်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားပါတယ်။
"စစ်တပ်ကဆိုင်ကယ်တားတာကို မရပ်ပေးဘဲ မောင်းပြေးလို့ ပစ်တာ။ ဒီမနက် ကားသေးတွေနဲ့ စစ်သားတွေ မြို့ထဲကင်းပတ်နေတာမျိုးတော့တွေ့ခဲ့တယ်။ ရွှေပြည်သာလှော်ကားစျေး သံလမ်းဘက်မှာလည်း ကားသေး ၂ စီး စစ်သားအင်အားအပြည့်နဲ့ တွေ့တယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် အရင်တခါက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အ.ထ.က (၅) စာသင်ကျောင်း ဘက်မှာလည်း စစ်သားတွေရောက်ရှိနေပါတယ်။