ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’အရှိန်ကြောင့် ဒီကနေ့ မေလ ၂၅ ရက် ကဆုန်လပြည့်နေ့မှာ ဧရာဝတီတိုင်း ချောင်းသာ ၊ ငွေဆောင် စတဲ့ ပင်လယ် ကမ်းခြေတွေမှာ ဒီရေတက်ပြီး၊ လှိုင်းကြီးနေပါတယ်။
ချောင်းသာဒေသခံတစ်ဦးက “အခုရက်မိုးရွာနေတော့ ရေက ဟိုတယ်စည်းရိုးတွေအ ထိတက်နေတယ်။ အခုရက်က ရေထရက်မို့ပါ။ နှစ်တိုင်းလည်းဒီလိုပါပဲ။ မိုးရိပ်ရှိတော့နည်းနည်း ပိုတက်တာပေါ့” လို့ ပြောပါတယ်။
အခုရက် ချောင်းသာကမ်းခြေမှာ လှိုင်ကြီးပြီး ဒီရေတက်လာမှုကြောင့် ကမ်းခြေမှာ ရေဆင်းမကူးကြဖို့ တားမြစ်ထားပါတယ်။
ချောင်းသာ ဒေသခံတစ်ဦးက “ကမ်းခြေက ခရီးသည်လာချိန် မဟုတ်ဘူးလေ၊ ဒီရေတက်တာ ဒီနေ့ နေ့လည်လောက်တက်လာတာ။ အရင် သဲသောင်နေရာတွေအထိ တက်လာတာ၊ ဧည့်သည်တွေ ရေမကူးဖို့ ပြောထားတယ်”လို့ ပြောပါတယ်။
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ၊ လှိုင်းအမြင့် ၁၃ ပေခန့်အထိရှိ နိုင်ကြောင်း လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန မိုးလေဝသ ခန်မှန်းချက်ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံ ပုသိမ်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၄၀၅) မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၈၀) မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုး/ဇလဌာနကလည်း ဒီကနေ့ည ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ဟာ မြန်မာနိုင်ငံကို ဝင်ဖို့မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။
ဆိုင်ကလုန်း “ယာစ်(YAAS)”ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမယ်၊ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။
Photo Crdit-CJ